အင်းစိန်ထောင်ကအကျဉ်းသားအချို့ နေ့စဉ်ထောင်ပြောင်းရွှေ့ခံနေရ
2023.05.10
အင်းစိန်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသား၊ အကျဉ်းသူတွေ ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းခွင့်ပေးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ မေလ ၃ ရက်နေ့နောက်ပိုင်းစပြီး နေ့စဉ်နီးပါး သာယာ၀တီထောင်ကို ပြောင်းရွှေ့ ခံနေရတယ်လို့ အင်းစိန်ထောင်နဲ့ နီးစပ်သူတွေက RFA ကိုပြောပါတယ်။
ထောင်မှာ ထိန်းသိမ်းရခက်သူတွေနဲ့ နှစ်ကြီးသမားတွေအပြင် နိုင်ငံရေးသမားတွေကိုပါ သာယာ၀တီထောင်ဆီ ပြောင်းရွှေ့နေတာလို့ အင်းစိန်ထောင်နဲ့ နီးစပ်သူတွေကဆိုပါတယ်။
မေလ ၃ ရက်နောက်ပိုင်း နေ့စဉ်နီးပါး ထောင်ပြောင်းရွှေ့ခံနေရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အကျဉ်းသားအရေး ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက RFA ကိုပြောပါတယ်။
"အကျဉ်းသားပြောင်းတာကတော့ ဒီနေ့မှမဟုတ်ဘူး။ လပြည့်နေ့ပြီးနောက်ပိုင်းပေါ့လေ။ အဲဒီနောက်ပိုင်းမှာ တဖြည်းဖြည်းချင်း ပြောင်းနေကြတာပဲ။ သာယာ၀တီထောင်ကိုပေါ့။ နေ့တိုင်းနီးပါးတာ့ ရှိနေပါတယ်"
ဒီလိုထောင်ပြောင်းတာ လူစုခွဲချင်တာကြောင့်လည်းဖြစ်နိုင်ပြီး ဘယ်နှဦး ပြောင်းရွှေ့ ခံရပြီးပြီလဲ ဆိုတာကိုတော့ သေချာမသိရသေးဘူးလို့ အကျဉ်းသားအရေး ကူညီဆောင်ရွက်ပေးနေသူက ဆိုပါတယ်။
မေလ ၁၀ ရက်နေ့မှာတင် အကျဉ်းသား ငါးရာကျော် သာယာ၀တီထောင်ကို ပြောင်းရွှေ့ ခံရတယ်လို့ သတင်းထွက်ပေါ်နေပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒီအပေါ် အကျဉ်းဦးစီးဌာနပြောခွင့်ရသူ ဦးနိုင်ဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။
စစ်ကောင်စီဟာ မေလ ၃ ရက်နေ့က ရာဇသတ်ကြီးပုဒ်မ - ၅၀၅-က နဲ့ ပြစ်ဒဏ် ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၂၁၅၃ ဦးကို ကဆုန်လပြည့်နေ့အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းခွင့်ပြုတယ်လို့ ထုတ်ပြန်ခဲ့ပြီး အဲဒီနေ့မှာပဲ အင်းစိန်အကျဉ်းထောင်ကလည်း အကျဉ်းသားသုံးရာကျော် ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မေလ ၈ ရက်နေ့ စာရင်းအရ စစ်တပ် အာဏာသိမ်းပြီးနောက် ဒီမိုကရေစီအရေးလှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်း ၁၇,၇၅၀ ဦး ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။