မြောက်ဦးမှာ ရေဘေးကြောင့် သုံးဦး သေဆုံး

2024.08.05
မြောက်ဦးမှာ ရေဘေးကြောင့် သုံးဦး သေဆုံး ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ရှိ ကျေးရွာအချို့ ရေကြီးနစ်မြုပ်နေသည်ကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့က တွေ့ရစဉ်။
Facebook/Mrauk-U Youths Association-MUYA

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ ဩဂုတ်လ ၃ ရက်နေ့က ရေကြီးရေလျှံမှုအတွင်း ရေနစ်သေဆုံးသူ သုံးဦးအထိ ရှိခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

လေးမြို့မြစ်ဘေး ဆီသည်ရွာက အသက် ၇ နှစ်အရွယ် မိန်းကလေးတစ်ဦး၊ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးနဲ့ ပီပင်ရင်းရွာက အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ဦးတို့ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

အသက် ၇ နှစ်အရွယ် မိန်းကလေးဟာ နေအိမ်ရေနစ်မြုပ်နေလို့ ရွှေ့ပြောင်းနေစဉ် ရေစီးနဲ့ မျောပါသေဆုံးတာ ဖြစ်ပြီး အမျိုးသားနှစ်ဦးကတော့ မြစ်ထဲမှာ ထင်းတွေလိုက်ဆယ်နေစဉ် ရေနစ်သေဆုံးတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မြစ်ရေတွေကျလာတော့ ရေစီးနဲ့အတူ ထင်းတွေ၊ ဝါးတွေအများကြီး ပါလာတယ်လေ။ အဲဒါကို ဆယ်နေရင်းနဲ့ သေဆုံးသွားတာ။ ရေစီးသန်တော့ ဆွဲလို့ မမီလိုက်တော့ဘူး။ အဲဒါကြောင့် ရေနစ်ပြီးသေသွားတာ။ မိန်းကလေးကတော့ အိမ်မှာ ရေပြည့်လာလို့ နောက်တစ်အိမ်ကိုသွားတဲ့လမ်းမှာ ရေစီးနဲ့ မျောပါသွားတာ။ သူတို့အိမ်က မြစ်နားမှာဆိုတော့ တစ်ခါတည်းပါသွားတာ”

ဆီသည်ရွာမှာ အိမ်ခြေ ၁၇၀ ခန့်ရှိပြီး ရေကြီးမှုနဲ့အတူ မြစ်ကမ်းပါးပြိုတာကြောင့် နေအိမ် ၂၄ လုံး ရေစီးနဲ့ မျောပါပျက်စီးပြီး လူတစ်ရာခန့် အိုးမဲ့အိမ်မဲ့ဖြစ်သွားရတယ်လို့ သူက ဆိုပါတယ်။

ကျောက်တော်မြို့နယ်နဲ့ မင်းပြားမြို့နယ်တွေမှာလည်း သြဂုတ်လ ၂ ရက်နေ့ကစလို့ စစ်တွေ-ရန်ကုန်ကားလမ်းမ တစ်လျှောက် ကျေးရွာတွေ ရေနစ်မြုပ်ခဲ့ပါတယ်။

ရေဘေးကြောင့် ရိက္ခာတွေနဲ့ နေအိမ်တွေပျက်စီးသွားပြီး အမိုးအကာနဲ့ အစားအသောက်တွေ အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုရေဘေးကြုံရတဲ့ မြို့တွေဟာ အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားတဲ့ မြို့တွေဖြစ်ပြီး AA က ရေဘေးသင့်သူတွေကို နေရာချထားရေးနဲ့ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေတာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။