မြောက်ဦးမှာ အမျိုးသားခုနစ်ဦး အစုလိုက်အပြုံလိုက် ပစ်သတ်ခံရ

RFA Burmese
2024.02.11
မြောက်ဦးမှာ အမျိုးသားခုနစ်ဦး အစုလိုက်အပြုံလိုက် ပစ်သတ်ခံရ စစ်ကောင်စီတပ် ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့သည့် အရပ်သားတချို့အား ရက္ခိုင့်တပ်တော် (AA) က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ညက ထုတ်ပြန်ထားစဉ်။
AA Info Desk

Updated 01:10 PM Feb 12, 2024

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်က အဖမ်းခံထားရတဲ့ သတင်းထောက်တစ်ဦးနဲ့ ဆိုရှယ်မီဒီယာမှာ နာမည်ကြီးသူတစ်ဦး အပါအဝင် စုစုပေါင်း အမျိုးသား ခုနစ်ဦးကို စစ်ကောင်စီတပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်၊ အလောင်းဖျောက်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) က ဖေဖော်ဝါရီလ ၁၁ ရက် ညပိုင်းက သတင်းထုတ်ပြန်ပါတယ်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသူ ခုနစ်ဦးကတော့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ဟာသလုပ် ဝေဖန်လေ့ရှိတဲ့ ကိုကျော်ဇံဝေ (ခ) ဖိုးလပြည့်၊ DVB သတင်း‌ထောက်ဟောင်း ကိုမြတ်သူထွန်း (ခ) ဖိုးသီဟ၊ အရပ်သားတွေဖြစ်ကြတဲ့ ကိုကျော်သိန်းလှိုင်၊ ကိုကျော်ဝင်းလှိုင်၊ ကိုကိုညွန့်၊ ကိုဝင်းနိုင်နဲ့ ကိုပြည့်စုံဝင်း တို့ ဖြစ်ပါတယ်။

သူတို့အားလုံး အသက် နှစ်ဆယ်ကျော်ကနေ လေးဆယ်ကျော်ကြားအရွယ်တွေ ဖြစ်ပါတယ်။ သူတို့ကို ၂၀၂၂ ခုနှစ် စက်တင်ဘာလကစလို့ ရှေ့ဆင့်နောက်ဆင့် ဖမ်းဆီးပြီး မြောက်ဦးမြို့ ရဲစခန်းအချုပ်မှာ ချုပ်နှောင်ထားခဲ့တာပါ။

အဲဒီနောက် ၂၀၂၃ ဒီဇင်ဘာ ၂၄ ရက် ရက္ခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေစတင်လာချိန် ရဲစခန်းအချုပ်ကနေ မြောက်ဦးအခြေစိုက် ခမရ (၃၇၈) တပ်ရင်းထဲကို ပြောင်းရွှေ့ခံခဲ့ရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ရက္ခိုင့်တပ်တော် AA ရဲ့ မနေ့က ထုတ်ပြန်ချက်မှာတော့ တိုက်ပွဲတွေပြင်းထန်ချိန် ဇန်နဝါရီ ၃၁ ရက်နေ့ နေ့လယ်ပိုင်းမှာ စစ်သားနှစ်ဦးက သူတို့ ခုနစ်ဦးကို တပ်ရင်းအချုပ်ခန်းထဲမှာတင် ပစ်သတ်၊ မြောက်ဦးမြို့ ဆေးရုံအနီးက ဗုံးခိုကျင်းထဲမှာမြှုပ်နှံပြီး အလောင်းဖျောက်ဖျက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အသတ်ခံရသူတွေထဲက တစ်ဦးဖြစ်တဲ့ အသက် ၄၁ နှစ်အရွယ် သတင်းထောက် ကိုမြတ်သူထွန်း (ခ) ဖိုးသီဟရဲ့ ဇနီးဖြစ်သူ မဥမ္မာရွှေစင်မြင့်က ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်ရက်အထိ အဆက်အသွယ်ရခဲ့ပြီး နောက်ပိုင်းမှာ လုံးဝအဆက်အသွယ်မရတော့ဘဲ အသတ်ခံလိုက်ရပြီဆိုတာကို အခုမှ သိရတယ်လို့ RFA ကို ဒီနေ့မနက်ပိုင်းက ပြောပါတယ်။

"မြောက်ဦးမြို့ကို AA က သိမ်းလိုက်တော့ သူလည်းပြန်လွတ်လာတော့မှာပဲလို့ ဝမ်းသာနေတာ။ သူတို့ကိုသတ်ပြီး မြေမြှုပ်ထားတယ်ဆိုတာသိရတော့ ကျွန်မ ခံပြင်းတယ်။ နာကျင်တယ်။ စိတ်မကောင်း တော်တော်ဖြစ်နေရတယ်။ ကျွန်မလည်း အစောတုန်းကမှ အတည်ပြုတဲ့သတင်း ရတာပါ။ ဒီဇင်ဘာလတိုက်ပွဲဖြစ်တော့ သူတို့ကို မြောက်ဦးအချုပ်စခန်းကနေ တပ်ရင်းထဲကို ခေါ်သွားတယ်။ ခရစ္စမတ်လောက်မှာတော့ အဆက်အသွယ်ရသေးတယ်။ သူအန္တရာယ်ကင်းပါတယ်တဲ့၊ အဲဒါ နောက်ဆုံးကြားလိုက်ရတာပါပဲ။ နောက်ပိုင်း အဆက်အသွယ် မရတော့ဘူး"

သတင်းထောက် ကိုမြတ်သူထွန်း (ခ) ဖိုးသီဟဟာ 7 Day၊ DVB၊ The Voice၊ DMG နဲ့ အခြား ပြည်တွင်း၊ ပြည်ပ သတင်းဌာနအချို့မှာ နှစ်ပေါင်းများစွာ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။

နောက်ထပ် အသတ်ခံရသူတစ်ဦးဖြစ်တဲ့ ကိုကျော်ဇံဝေ (ခ) ဖိုးလပြည့်ကတော့ အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ဟာသလုပ် ဝေဖန်ရေးသားတာကြောင့် လူသိများ ထင်ရှားလာသူဖြစ်ပါတယ်။

အလားတူ မင်းပြားအခြေစိုက် ခမရ (၃၇၉) ကလည်း ရသေ့တောင်မြို့နယ်က ကိုညီညီအောင် (ခ) အောင်ဇော်ဝင်းနဲ့ မင်းပြားမြို့နယ်က ဦးကျော်ညွန့် တို့ကို ဇန်နဝါရီလ ၁၉ ရက် ညနေ ၄ နာရီဝန်းကျင်မှာ ပစ်သတ်ခဲ့တယ်လို့ AA ရဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မြောက်ဦးနဲ့ မင်းပြားမြို့တွေကို ရက္ခိုင့်တပ်တော် (AA) က ဖေဖော်ဝါရီလ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ အပြီးသိမ်းယူလိုက်ပြီးနောက်မှာ အခုလို သတ်ဖြတ်မှုတွေကို ဖော်ထုတ်နိုင်တာလို့ ဆိုထားပါတယ်။

ဒီသတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က ထုတ်ပြန်တာ မရှိသေးပါဘူး။ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းနဲ့ စစ်ကောင်စီအဖွဲ့ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းတို့ကို RFA က ဖုန်းနဲ့ ဆက်သွယ်ရာမှာလည်း စက်ပိတ်ထားပါတယ်။

AA အဖွဲ့ထုတ်ပြန်ချက်မှာတော့ စစ်ရာဇဝတ်မှုကျူးလွန်သူ‌တွေကို ပြစ်ဒဏ်ပေးပြီး တရားမျှတမှုရအောင် ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။