မူဆယ်မြို့နယ်က တိုက်ပွဲတွေအတွင်း ရဟန်းတစ်ပါးနဲ့ အရပ်သားတချို့ ဒဏ်ရာရ
2023.09.21

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ စက်တင်ဘာ ၁၇ ရက်ကန ၂၁ ရက် ဒီနေ့အထိ ငါးရက်အကြာဖြစ်နေတဲ့ တိုက်ပွဲတွေအတွင်း ရဟန်းတစ်ပါးနဲ့ အမျိုးသမီးနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တက်ဘာလ ၂၀ ရက် မနေ့က မနက်ပိုင်းမှာ မူဆယ်မြို့နယ် တိန်းလုံကျေးရွာအုပ်စု အတွင်းက ဆုတောင်း တောင်ကုန်းမှာရှိတဲ့ ဘုန်းကြီးကျောင်းကို လက်နက်ကြီးကျည် ကျတာကြောင့် အဲဒီကျောင်းမှာ သီတင်းသုံးနေတဲ့ ကျောင်းထိုင် ဆရာတော်တစ်ပါး ဒဏ်ရာရခဲ့တယ်လို့ စယ်လန့်ရွာဒေသခံ ကိုစိုင်းက ပြောပါတယ်။
“ဆုတောင်း တောင်ကုန်း အနီးမှာက စစ်တပ်က ရှိနေတာ ။TNLA က တစ်ဖက် အဲမှာ အပြန်အလှန် လက်နက်ကြီးတွေနဲ့ပစ်နေကြတယ်။ ဘယ်အဖွဲ့က ပစ်တဲ့ လက်နက်ကြီး ကျတယ်ဆိုတာတော့မသိဘူး မနေ့က ဆုတောင်းတောင် ကျောင်းမှာ လက်နက်ကြီး ကျတာ။ ဆရာတော်က တစ်ပါးတည်းနေတာဆိုတော့ ကိုယ်တိုင် ကားမောင်းပြီး ကြွလာမှ သိရတာ။ ပန်ခမ်းရွာ ဆေးခန်းကနေ မူဆယ်ဆေးရုံကို ပြန်ပို့ပေးလိုက်တာ။ အခုလည်း ဒီနေ့လည်း ပစ်နေကြတုန်းပဲ အဲမှာက”
ဆရာတော်ဟာ ဦးခေါင်း၊ လက်နဲ့ ခြေထောက်တွေမှာ လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရထားပြီး စိုးရိမ်ရတဲ့အခြေအနေတော့ မရှိဘူးလို့ဆိုပါတယ်။
စက်တင်ဘာ ၁၉ ရက်နေ့ကလည်း စန်းဆာရွာမှာ လက်နက်ကြီးကျတာကြောင့် အမျိုးသမီးနှစ်ဦး အနည်းငယ် ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်နှစ်လုံး ပျက်စီးခဲ့တယ်လို့ ဒေသခံကတွေက ပြောပါတယ်။
အခုလို လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်နေတာကြောင့် စယ်လန့်ရွာနဲ့ နမ့်ကတ်ကျေးရွာအုပ်စုအတွင်းမှာ ပါဝင်တဲ့ ကျေးရွာ ရှစ်ရွာက ဒေသခံနှစ်ထောင်ဝန်းကျင်ဟာ မူဆယ်၊ နမ့်ခမ်းနဲ့ နီးစပ်ရာရွာတွေက ဘုန်းတော်ကြီးကျောင်းတွေထံ ထွက်ပြေးခိုလှုံနေကြရတယ် နမ့်ကတ်ရွာက ဒေသခံတစ်ဦးက ပြောပါတယ်။
“တိုက်ပွဲက ရက်ရှည်နေပြီ။ အခုကျွန်တော်တို့ ရွာဆိုရင် တချို့က ဘုန်းကြီးကျောင်းမှာ နေတယ်။ တချို့က မိသားစု ရှိတဲ့ တစ်ခြားမြို့တွေကို ပြေးနေရပြီ။ လက်နက်ကြီးတွေနဲ့ပဲ ပစ်နေတော့ ကြောက်ကြတာပေါ့။ အခုလည်း ပစ်နေတယ်”
TNLA ဘက်ကတော့ မူဆယ်မြို့နယ်အတွင်း ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲပြင်းထန်နေသလို စစ်ကောင်စီတပ်စခန်း တချို့ကိုလည်း TNLA ဘက်က တန်ပြန်ထိုးစစ်ဆင်နေတာရှိတယ်လို့ စက်တင်ဘာ ၁၉ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဘက်ကတော့ တိုက်ပွဲနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာမရှိပါဘူး။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA ကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်၊ ကွတ်ခိုင်၊ ကျောက်မဲ၊ လားရှိုးနဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ်အတွင်းမှာ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့ကနေ စက်တင်ဘာလ ၁၉ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ TNLA တပ်ဖွဲ့ကြား တိုက်ပွဲပေါင်း ၅၂ ကြိမ်အထိ ဖြစ်ခဲ့တယ်လို့ TNLA ဘက်က သတင်းထုတ်ပြန်ထားပါတယ်။