မူဆယ်မြို့ ဗုံးပေါက်ကွဲမှု အမျိုးသမီးတစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရ

2022.08.01
Share on WhatsApp
Share on WhatsApp
မူဆယ်မြို့ ဗုံးပေါက်ကွဲမှု အမျိုးသမီးတစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်သွားသည့် ယာဉ်ထိန်းရဲတစ်ဦးအား ၂၀၂၂ ခုနှစ် သြဂုတ်လ ၁ ရက်နေ့က တွေ့ရစဉ်
Photo: CJ

ရှမ်းပြည်နယ်မြောက်ပိုင်း မြန်မာ - တရုတ်နယ်စပ် မူဆယ်မြို့က အမှတ် (၁) ဈေး မီးပွိုင့် လမ်းဆုံမှာ ဩဂုတ်လ ၁ ရက် ဒီနေ့မနက် ၁၁ နာရီလောက် ဗုံးပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ယာဉ်ထိန်းရဲတစ်ဦး၊ ပြည်သူ့စစ်သုံးဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မူဆယ်မြို့ခံတွေက ပြောပါတယ်။

သေဆုံးသွားသူဟာ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးဖြစ်ပြီး ပေါက်ကွဲမှုဖြစ်တဲ့အနီးက ဖုန်းဆိုင်မှာ ဈေးလာဝယ်နေတာလို့ ဒဏ်ရာရသူတွေကို ကူညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။

“ဈေးထိပ်မီးပွိုင့် ယာဉ်ထိန်းရုံးနားမှာ ပေါက်ကွဲသွားတာ။ အဲဒီအနားမှာ ဖုန်းဆိုင်တွေ ရှိတယ်။ ကလေးမလေး နှစ်ယောက်က ဖုန်းဆိုင်မှာ ဖုန်းကာဗာ လာဝယ်တာထင်တယ်။ မိုင်းစမှန်ပြီး တစ်ယောက်တော့ ဆုံးသွားတယ်။ တစ်ယောက်က သတိမေ့သွားတာ”

ဒဏ်ရာရတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက နမ့်ဖတ်ကာပြည်သူ့စစ်တပ်ဖွဲ့ကဖြစ်ပြီး ယာဉ် ထိန်းနဲ့အတူ လုံခြုံရေး လုပ်နေကြတာလို့ ဆိုပါတယ်။

ဒဏ်ရာရသူငါးဦးထဲမှာ ယာဉ်ထိန်းနဲ့ ပြည်သူ့စစ်တစ်ဦးက ဒဏ်ရာပြင်းထန်လို့ လားရှိုး ဆေးရုံကို ပို့ဆောင်ခဲ့ရပြီး ကျန်တဲ့သူတွေကိုတော့ မူဆယ်ဆေးရုံမှာပဲ ဆေးကုသပေး နေတယ်လို့ အကူအညီပေးခဲ့ရသူတွေက ပြောပါတယ်။

ဒီဖောက်ခွဲမှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့သလဲဆိုတာ RFA အနေနဲ့ သီးခြားအတည်မ ပြုနိုင်သေးသလို စစ်ကောင်စီ ပြောခွင့်ရသူကိုလည်း ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေ ပါတယ်။

မူဆယ်မြို့ဟာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေအပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေလည်း လှုပ်ရှားလေ့ရှိသလို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေလည်း လှုပ်ရှားလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့တုန်းကလည်း မူဆယ်မြို့ စွမ်စော်ရပ်ကွက်နဲ့ ကောင်းမှုတုန် ရပ်ကွက် ဂိမ်းဆိုင်တွေအနီးမှာ ပေါက်ကွဲမှုဖြစ်ခဲ့လို့ အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါ တယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။