တေးသီချင်းဗီဒီယိုထုတ်လုပ်မှုတွေကို စစ်ကောင်စီ တင်းကျပ်

RFA Burmese
2024.04.04
တေးသီချင်းဗီဒီယိုထုတ်လုပ်မှုတွေကို စစ်ကောင်စီ တင်းကျပ် ရုပ်ရှင်ရိုက်ကူးရေးအတွက် အသုံးပြုသည့် ကင်မရာတစ်လုံးအား တွေ့ရစဉ်။
Pixabay

တေးသီချင်းဗီဒီယိုတွေကို နည်းလမ်းပေါင်းစုံနဲ့ ရိုက်ကူးထုတ်လွှင့်ပြသမှုတွေမှာ ဆင်ဆာမူဝါဒတွေကို မလိုက်နာရင် ဥပဒေအရ အရေးယူမယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ဧပြီလ ၄ ရက် ဒီနေ့မှာ နိုင်ငံပိုင်သတင်းစာတွေကတစ်ဆင့် ကြေညာပါတယ်။

နိုင်ငံရေး၊ ဘာသာရေး၊ အမျိုးသားယဉ်ကျေးမှုထိန်းသိမ်းရေး၊ ကာမရာဂလှုံ့ဆော်မှု မပါဝင်ရေး စတဲ့ မူဝါဒတွေကို မထိခိုက်အောင် တေးသီချင်းဗီဒီယို ထုတ်လုပ်သူတွေက တာဝန်ယူရမယ်လို့ ဆိုပါတယ်။

ဒီမူဝါဒတွေကို မလိုက်နာရင်တော့ ရိုက်ကူးသူ ဒါရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်သူတွေအပြင် ထုတ်လွှင့်ပြသသူအားလုံးကို အရေးယူမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ပြောထားတာပါ။

ဒီအခြေအနေတွေဟာ အာဏာသိမ်းစစ်ကောင်စီက နိုင်ငံသားတွေရဲ့ လွပ်လပ်စွာ ပြောဆိုရေးသာခွင့်၊ ဖန်တီးခွင့်တွေကို ပိတ်ပင်နေတာလို့ လူ့အခွင့်ရေးလှုပ်ရှားသူတစ်ဦးက RFA ကို ပြောပါတယ်။

“ကျွန်တော်အမြင် ပြောရမယ်ဆိုရင် နိုင်ငံသားတွေရဲ့ ဒီမိုကရေစီအခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်၊ ဖန်တီးခွင့်တွေကို စစ်ကောင်စီက ပြောင်ကျကျ ပိတ်ပင်တားဆီးတာပါ။ မြန်မာနိုင်ငံကို အလုံးစုံစစ်ကျွန်ဘဝလုံးလုံးရောက်အောင် လုပ်ဆောင်တဲ့ ကြိုးစားအားထုတ်မှုလို့ပဲ မြင်ပါတယ်”

မတ်လ ၁၃ ရက်နေ့ကလည်း အွန်လိုင်းပေါ်ကနေ ရုပ်ရှင်ကားထုတ်လွှင့်တဲ့ လုပ်ငန်းတွေ မှတ်ပုံတင်ဖို့နဲ့ မထုတ်လွှင့်ခင် စိစစ်ရေးအဖွဲ့ကို တင်ပြဖို့ဆိုပြီး စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက အမိန့်ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

မှတ်ပုံတင် လက်မှတ်မရှိဘဲ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုပြီး ရုပ်ရှင်ကား ထုတ်လွှင့်ပြသတဲ့ လုပ်ငန်းကိုလုပ်ရင် အရေးကြီး ကုန်စည်နဲ့ဝန်ဆောင်မှု ဥပဒေအရ တရားစွဲဆိုမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။