မြိုင်မြို့နယ် တိုက်ပွဲ စစ်သုံ့ပန်း ငါးဦးဖမ်းမိကြောင်း ကာကွယ်ရေးတပ်ဖွဲ့ပြော
2024.08.23
မကွေးတိုင်း၊ မြိုင်မြို့နယ် ကိုင်းတောမရွာအနီးမှာ ဩဂုတ်လ ၂၁ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပြီးနောက် စစ်သုံ့ပန်းငါးဦး ဖမ်းမိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေနဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။
အင်အား ခုနစ်ဆယ်ကျော် ပါတဲ့ စစ်ကောင်စီတပ်သားတွေ ရွာသစ်ရွာကနေ ကိုင်းတောမရွာဘက်ကို စစ်ကြောင်းထိုးလာချိန်မှာ ကာကွယ်ရေးပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။
ဖမ်းဆီးခံရသူတွေထဲ စစ်မှုထမ်းဖို့ ခေါ်ဆောင်ခံရသူတချို့ ပါဝင်တယ်လို့ မျက်မြင်တွေ့ခဲ့တဲ့ မြိုင်ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
"စစ်မှုထမ်းဥပဒေထွက်ပြီးမှ ပါတဲ့လူတွေလည်း ပါတယ်ဗျ။ နောက်ဆုံးသေတာတွေ တော်တော်များများက ပြေးမယ်လို့ ဟန်ပြင်တဲ့ဟာတွေကို သူတို့ဘက်က ပစ်ခတ်လို့ သေဆုံးတာတွေလည်း ရှိတယ်ဗျ"
စစ်မှုထမ်းဖို့ ခေါ်ဆောင်ခံရသူတွေထဲ ရေနံချောင်းမြို့နယ်က တစ်ဦး၊ စဉ့်ကူးမြို့နယ်က တစ်ဦးနဲ့ ကြံခင်းမြို့နယ် တစ်ဦးပါဝင်ပြီး မကွေးတိုင်း အထက်မင်းလှနဲ့ ဆင်ပေါင်ဝဲက စစ်သား နှစ်ဦး ပါဝင်တယ်လို့ ပြောပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၇ ဦး သေဆုံးသွားတယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်လက်ျာက RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ဘက်က ထိခိုက်မှု သိပ်မရှိဘူး။ စစ်ကောင်တပ်ဘက်က ၁၇ ယောက်လောက် သေတယ်။ အခုမနက်မှာလည်း ဘုန်းကြီးကျောင်းထဲမှာ ရုပ်အလောင်း ငါးလောင်း ဆက်တွေ့တယ်။ ဒဏ်ရာရတာလည်း ၁၅ ယောက်ရှိတယ်ဗျ။ ငါးဦးဖမ်းမိထားတယ်"
ဩဂုတ်လ ၂၃ ရက် ဒီနေ့မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေ သရက်ကန်ရွာထဲကို ပြန်ဝင်သွားပြီလို့ သူက ပြောပါတယ်။
ဒါနဲ့ပတ်သတ်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
ဩဂုတ်လ ၅ ရက်နေ့က စစ်ကောင်စီတပ် အထိုင်ချ တပ်ဆွဲထားတဲ့ ကိုင်းတောမရဲစခန်းကို တော်လှန်ရေးပူးပေါင်း တပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။