မြိုင်မှာ ဒေသခံ ၁၁ ဦး ဖမ်းဆီးခံရပြီး PDF ခေါင်းဆောင်တစ်ဦး သေဆုံး

RFA Burmese
2023.09.11
မြိုင်မှာ ဒေသခံ ၁၁ ဦး ဖမ်းဆီးခံရပြီး PDF ခေါင်းဆောင်တစ်ဦး သေဆုံး မကွေးတိုင်း၊ မြိုင်မြို့တစ်နေရာအား ၂၀၂၁ ခုနှစ် မတ်လ ၃ ရက်နေ့က တွေ့ရစဉ်။
We Love Myaing

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့က စက်တင်ဘာလ ၁၀ ရက် မနေ့က စစ်ကြောင်းထိုးပြီးနောက် ဒေသခံ ၁၁ ဦး ဖမ်းဆီးခံခဲ့ရသလို PDF ခေါင်းဆောင် ဗိုလ်လင်းမြွေ သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေက ပြောတယ်။

အင်အား ၁၇၀ ခန့်ရှိတဲ့ စစ်ကောင်စီ တပ်စစ်ကြောင်းဟာ စက်တင်ဘာလ ၁၀ ရက်နေ့ မနက်က မြိုင်မြို့ကနေ ထွက်လာပြီး ကန်ကြီးရိုးရွာကို ဝင်းရောက်စီးနင်း ပစ်ခတ်ခဲ့တာကြောင့် မြိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ရင်း ၂၊ တပ်ခွဲ ၅ နံ့သာမြိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်လင်းမြွေ သေဆုံးပြီး ရွာသား ရှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က ကြိုတင်သတင်းရထားလို့ အခြားအိမ်တွေကို မဝင်ဘဲ ဗိုလ်လင်းမြွေအိမ်ကိုသာ ဝင်ရောက် စီးနင်းခဲ့တာလို့ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်လကျာ်က ပြောပါတယ်။

"လင်းမြွေက သူ့မိဘအိမ်ကို ပြန်အိပ်တာက နှစ်ညရှိပြီလို့ ပြောတယ်။ မိုင်းတို့ဘာတို့ လုပ်တာတွေ ရှိမှာပေါ့။ သူမနက် စောစော ကားထမောင်းတဲ့အချိန်မှာ လာဝိုင်းတယ်။ ကားပေါ်ကနေ လင်းမြွေအဖေရော သူရော ပြေးတာ။ လင်းမြွေက ပစ်ရင်းခတ်ရင်းနဲ့ သေနတ်က မျက်ခွံအောက်ကို မှန်သွားတယ်လို့ ပြောတယ်။ ဖအေက လွတ်လာတယ်။ ကျွန်တော်တို့ သူ့အဖေက ပြန်ပြောပြတယ်။ မိတဲ့ အမျိုးသမီးတွေ ပြန်လွတ်တယ်။ ယောင်္ကျားလေး ရှစ်ယောက်ကို ဖမ်းခေါ်သွားတယ်"

အဖမ်းခံရတဲ့ ကျန် သုံးဦးကတော့ အခြားရွာတွေကနေ ဖမ်းဆီးခံရပြီး စစ်ကြောင်းနဲ့အတူ ပါလာတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေ ဗိုလ်လင်းမြွေကားကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်ကို မွှေနှောက်ရှာဖွေခဲ့တယ်လို့လည်း ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ အတွင်းရေးမှူး ဦးသန်းဆွေဝင်း ကို RFA က ဆက်သွယ်ပေမယ့် လက်ခံဖြေကြားတာ မရှိသေးပါဘူး။

လက်ရှိ စစ်ကြောင်းက သင်းပေါင်ကန်ရွာဘက်ကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေသလို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေကလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ ဒရုန်းနဲ့ တိုက်ခိုက်တာတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။