မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍ စိန်ခေါ်မှုများရှိနေကြောင်း FULCRUM ဖော်ပြ
2024.11.05
မြန်မာနိုင်ငံအတွက် အဓိကကျတဲ့ စိုက်ပျိုးရေးကဏ္ဍဟာ ၂၀၂၄ ခုနှစ်နဲ့ ရှေ့ဆက်ကာလအတွက် စိန်ခေါ်မှုတွေ ရှိလာတယ်လို့ အရှေ့တောင်အာရှနိုင်ငံတွေအကြောင်း ရေးသားဖော်ပြနေတဲ့ FULCRUM က ဖော်ပြပါတယ်။
စစ်မှုထမ်းဥပဒေကြောင့် လုပ်သားပြတ်လပ်မှု၊ စိုက်ပျိုးရေး ကုန်ကျစရိတ် မြင့်တက်မှု၊ စိုက်ပျိုးရေးသမားတွေအတွက် ချေးငွေရပ်ဆိုင်းမှုနဲ့ ပြည်တွင်းပဋိပက္ခတွေကြောင့် အခုလို စိန်ခေါ်မှုတွေ ရှိလာတာလို့ စင်ကာပူအခြေစိုက် ISEAS – Yusof Ishak Institute က အဖွဲ့ဝင် သုတေသီတစ်ဦးဖြစ်တဲ့ ဂျဲရစ် ဘစ်ဆင်ဂျာ (Jared Bissinger) သုံးသပ်ရေးသားထားပါတယ်။
မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍဟာ စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ နဲ့ ၂၀၂၂ ခုနှစ်တွေမှာ ကျဆင်းလာခဲ့ပေမဲ့ ၂၀၂၃ ခုနှစ်မှာတော့ နှစ်ရာခိုင်နှုန်း ပြန်လည် တိုးတက်လာခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ်မှာလည်း မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍကို ဆက်လက်တိုးတက်လာဖို့ ကမ္ဘာ့ဘဏ်က မျှော်မှန်းထားပေမဲ့ လက်ရှိအခြေအနေတွေအရ မေးခွန်းထုတ်စရာ ဖြစ်လာတယ်လို့ ဖော်ပြပါတယ်။
ဒီအပြင် ပြီးခဲ့တဲ့ စက်တင်ဘာလက ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးရေလွှမ်းမှုကြောင့် လယ်သမားတွေ အပါအဝင် လူတစ်သန်းခန့်ကို ရေဘေးသင့်ခဲ့တာကလည်း စိုက်ပျိုးရေးကဏ္ဍအတွက် အခြေအနေတွေကို ပိုရှုပ်ထွေးစေခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ ဆန်စပါးကဏ္ဍမှာလည် ပို့ကုန်လိုင်စင်၊ ငွေပေးချေမှုကိစ္စတွေနဲ့ သယ်ယူပို့ဆောင်ရေးစရိတ် မြင့်မားမှု အစရှိတဲ့ စိန်ခေါ်မှုတွေကြောင့် ဆက်လက် အားနည်းနေတယ်လို့ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာက ရာဂီမုန်တိုင်းအရှိန်ကြောင့် နိုင်ငံတစ်ဝန်းက ရေကြီးရေလျှံခဲ့ပြီး စိုက်ပျိုးဧက ကိုးသိန်းနီးပါး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ စစ်ကောင်စီကလည်း အောက်တိုဘာ ၁ ရက်နေ့မှာ ထုတ်ပြန်ထားတယ်။