နှစ်သစ်ကူးည ရန်ကုန်မှာ ညမထွက်ရအမိန့် တစ်ရက်ပယ်ဖျက်

ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2022.12.29
နှစ်သစ်ကူးည ရန်ကုန်မှာ ညမထွက်ရအမိန့် တစ်ရက်ပယ်ဖျက် အာဏာမသိမ်းခင် ၂၀၁၇ ခုနှစ် နှစ်သစ်ကူးညက ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော်အနီး မီးရှူးမီးပန်းတွေ ဖောက်ပြီး နှစ်သစ်ကိုကြိုဆိုခဲ့တဲ့ မြင်ကွင်း။
AFP

ဒီဇင်ဘာလ ၃၁ ရက်နေ့ညမှာ နှစ်သစ်ကူးပွဲကျင်းပမှာဖြစ်လို့ ရန်ကုန်တိုင်းမှာ ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို တစ်ရက်ပယ်ဖျက်တယ်လို့ စစ်ကောင်စီက ဒီဇင်ဘာလ ၂၉ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ နှစ်သစ်ကူး Count Down Party ကျင်းပမှာဖြစ်ပြီး မီးရှူးမီးပန်းဖောက်တာနဲ့ စတိတ်ရှိုးပွဲတွေ လုပ်မှာဖြစ်လို့ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရထုတ်ပြန်ထားတဲ့ ညမထွက်ရ အမိန့်ကို ၃၁ ရက်နေ့ည ၁၂ နာရီကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ မနက် ၄ နာရီအထိ ပယ်ဖျက်လိုက်တယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ကိုယ့်နိုင်ငံက အခြားဒေသတွေမှာ မီးတွေရှို့ခံနေရတာ အိုးအိမ်မဲ့စစ်ရှောင်တွေဒုက္ခရောက်နေကြတာ ဘယ်လိုနှလုံးသားနဲ့မှမပျော်နိုင်ဘူး ။ လူသတ် မီးရှို့တဲ့သူတွေက ဥပဒေကိုလဲလိုသလိုလုပ်တာပဲလေ။

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်မှာ နေထိုင်တဲ့ အသက် ၃၀ အရွယ်အမျိုးသမီးတစ်ဦးက စစ်ကောင်စီကလိုသလိုကြေညာချက် ထုတ်ပြန် နေတာဖြစ်ပြီး စစ်ကောင်စီရဲ့ပျော်ပွဲရွှင်ပွဲတွေကို ပြည်သူတွေက ပါဝင်ဆင်နွှဲမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“ပြည်သူတွေကတော့ စစ်ကောင်စီက ဘာပွဲပဲလုပ်လုပ်စိတ်မဝင်စားပါဘူး ။ လူထုခေါင်းဆောင်၊ သမ္မတနဲ့၊ ဒီမိုကရေစီအရေး လှုပ်ရှားသူ‌တွေကိုဖမ်းထားပြီး လူ ၂၀၀၀ ကျော်သတ်ထားတဲ့ စစ်ရာဇဝတ်ကောင်တွေစီစဉ်တဲ့ဘယ်လိုပျော်ပွဲရွှင်ပွဲကိုမှစိတ်မဝင်စားဘူး ။ကိုယ့်နိုင်ငံက အခြားဒေသတွေမှာ မီးတွေရှို့ခံနေရတာ အိုးအိမ်မဲ့စစ်ရှောင်တွေဒုက္ခရောက်နေကြတာ ဘယ်လိုနှလုံးသားနဲ့မှမပျော်နိုင်ဘူး ။ လူသတ် မီးရှို့တဲ့သူတွေက ဥပဒေကိုလဲလိုသလိုလုပ်တာပဲလေ ။ တိုင်းပြည်အေးချမ်းပျော်ရွှင်ကြောင်းပြဖို့ နိုင်ငံတကာကို လိမ်ဖို့ သူတို့ထုတ်ထားတဲ့ ဥပဒေကိုသူတို့ဘာသူတို့ ရှုံ့ချည်နှပ်ချည်လုပ်တယ်လို့ပဲမြင်တယ် ။ ဒီပျော်ပွဲရွှင်ပွဲမှာ ဆင်နွှဲသူတွေကလည်း ပြည်သူအစစ်မဟုတ်ဘူး။သူတို့ကိုထောက်ခံတဲ့ လက်တစ်ဆုပ်စာလူတစ်စုပဲ ။ ပြည်သူအစစ်တွေကတော့ တိုင်းပြည်မီးလောင်နေချိန်မှာ ဘယ်လိုမှမပျော်နိုင်ဘူး။” လို့ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့မှာ ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရ အမိန့်ကို ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ညမထွက်ရအမိန့်အပြင် တစ်နိုင်ငံလုံးမှာ အများပြည်သူလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာအေးချမ်းသာယာရေးနဲ့ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားစေနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လူတွေ စုဝေးတာ၊ ဟောပြောတာ၊ ယာဉ်တစ်မျိုးမျိုးအသုံးပြုပြီး ဒါမှမဟုတ် လူကိုယ်တိုင်စီတန်းလှည့်လည်တာ၊ လှုံ့ဆော်ဆန္ဒပြတာတွေကို တားမြစ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

khin Thein
2022-12-29 19:42

It's NOT REALLY HAPPY NEW YEAR FOR BURMESE PEOPLES.