အိုလံပစ်ကနေ မြန်မာအားကစားသမားတွေ ရှုံးထွက်
ပြင်သစ်နိုင်ငံမှာ ကျင်းပနေတဲ့ အိုလံပစ်အားကစားပြိုင်ပွဲအတွင်း မြန်မာကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်နေတဲ့ အားကစားသမားနှစ်ဦးဟာ ဒီနေ့ပဲ ပွဲစဉ်တွေရှုံးပြီး ပြိုင်ပွဲတွေကနေ ထွက်ခွာခဲ့ရပါတယ်။
ကြက်တောင်အားကစားသမား သက်ထားသူဇာနဲ့ ရေကူးကစားသမား ဘုန်းပြည့်ဟန်တို့နှစ်ဦးတည်းသာ မြန်မာကိုယ်စားပြု ဝင်ပြိုင်နေတာပါ။
အမျိုးသမီး တစ်ယောက်ချင်း ကြက်တောင်ရိုက်အားကစား အုပ်စုပွဲစဉ်မှာ သက်ထားသူဇာဟာ ဂျပန်၊ ကနေဒါနဲ့ ယှဉ်ပြိုင်ခဲ့ရပြီး၊ ဂျပန်နဲ့ ကစားရာမှာ ၁၂-၂၁၊ ၁ဝ-၂၁ ရမှတ် ကနေဒါနဲ့ ကစားတဲ့ပွဲမှာ ၂၁-၂၅၊ ၁၆-၂၃ မှတ်နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
အမျိုးသား မီတာ ၁ဝဝ အလွတ်ကူးပြိုင်ပွဲမှာတော့ ရေကူးအားကစားသမား ဘုန်းပြည့်ဟန်ဟာ အသုတ်လိုက်ခွဲပြိုင်ချိန်မှာ ဒုတိယရခဲ့ပေမဲ့ အသုတ်အားလုံးပေါင်းတဲ့ထဲမှာ နံပါတ် ၇၃ ပဲရပြီး ပြိုင်ပွဲကနေ ထွက်ရတာဖြစ်ပါတယ်။
"အကောင်းဆုံးကြိုးစားခဲ့ပေမဲ့ ရလဒ်ကောင်းမရခဲ့တဲ့အတွက် တောင်းပန်ပါတယ်" လို့ ကြက်တောင်အားကစားသမား သက်ထားသူဇာက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာရေးထားပါတယ်။
အိုလံပစ်ပြိုင်ပွဲဝင်နေတဲ့ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ မြန်မာအသင်းဟာ ပြိုင်ပွဲကနေ ပထမဆုံးအရှုံးနဲ့ ထွက်ရတဲ့အသင်းဖြစ်တယ်လို့ SEA အားကစားသတင်းကဖော်ပြပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေထဲ ထိုင်းနိုင်ငံက အားကစား ၅၁ ယောက်နဲ့ အများဆုံး ဝင်ပြိုင်နေပြီး မြန်မာနှစ်ယောက်၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအိုတို့က သုံးယောက်စီအနည်းဆုံး ဝင်ပြိုင်နေတာဖြစ်ပါတယ်။