မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ တိုက်ပွဲဖြစ်၊ ရိုဟင်ဂျာဒုက္ခသည်စခန်းမီးရှို့ခံရ
2023.01.18
အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) နဲ့ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) လက်နက်ကိုင်အဖွဲ့အကြား တိုက်ပွဲဖြစ်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ် နယ်နိမိတ်မျဉ်းအနီးက ရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခု ဇန်နဝါရီလ ၁၈ ရက်နေ့ညနေပိုင်းက မီးရှို့ခံခဲ့တယ်လို့ ရိုဟင်ဂျာအသိုင်းအဝိုင်းက ပြောပါတယ်။
“ ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည်စခန်းတွေနဲ့တော့ဝေးတယ်။ မြန်မာဘက်အခြမ်းနဲ့ ပိုနီးတယ်။ ARSA နဲ့ RSO တိုက်ပွဲဖြစ်တယ်လို့ပြောတယ်။ အဲ့ဒီနောက် ဒုက္ခသည်စခန်းမီးရှို့ခံရတယ်ပြောတယ်။ ဘယ်သူရှို့တယ် ဆိုတာတော့ မသိရသေးဘူး” လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာနေထိုင်နေတဲ့ ရိုဟင်ဂျာလူငယ်များအစည်းအရုံး တည်ထောင်သူ ကိုခင်မောင်က ပြောပါတယ်။
မီးလောင်သွားတဲ့စခန်းမှာ ရိုဟင်ဂျာဒုက္ခသည် သုံးထောင်လောက်နေထိုင်နေပြီး မီးရှို့ခံရပြီးနောက် နေထိုင်သူမရှိတော့ကြောင်းနဲ့ တချို့က မြန်မာပြည်တွင်းကိုထွက်ပြေးတာရှိသလို တချို့က ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးကြတာတွေရှိတယ်လို့ သူကပြောပါတယ်။
နယ်စပ်မျဉ်းမှာရှိတဲ့ ဒုက္ခသည်စခန်းကို ဘယ်အဖွဲ့အစည်းက မီးရှို့လိုက်တယ်ဆိုတာကို RFA အနေနဲ့ သီးခြား အတည်ပြုနိုင်တာမရှိသေးပါဘူး။
ARSA အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်ရောက်ရိုဟင်ဂျာခေါင်းဆောင်တွေကို ခြိမ်းခြောက်မှုတွေလုပ်ဆောင်ဖူးတဲ့ အဖွဲ့အစည်းဖြစ်သလို NLD အစိုးရလက်ထက်ကလည်း အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာခံထားရတဲ့ အဖွဲ့ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၆၊ ၂၀၁၇ ခုနှစ်တွေကလည်း ARSA တွေပေါ်ပေါက်ခဲ့ပြီး အဲဒီအဖွဲ့ အကြောင်းပြု လို့ စစ်တပ်က နယ်မြေရှင်းလင်းခဲ့တာကြောင့် မွတ်ဆလင် ခုနှစ်သိန်းနီးပါး တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရပါတယ်။