ထိုင်းက ပြန်ပို့တဲ့ မြန်မာ ၁၈၀ ကျော် စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်ခံရ
2024.11.14
ထိုင်းနိုင်ငံ ရနောင်းအကျဉ်းထောင်ကနေ လွတ်ရက်စေ့လို့ တနင်္သာရီတိုင်း ကော့သောင်းမြို့ကို ပြန်ပို့ခံရတဲ့ မြန်မာ ၁၈၆ ဦး စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်ခံလိုက်ရတယ်လို့ ကော့သောင်း ဒေသခံတွေက နို၀င်ဘာလ ၁၄ ရက်မှာ RFA ကို ပြောပါတယ်။
ရနောင်းခရိုင် အာဏာပိုင်တွေက ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရပြီး ပြန်လွတ်လာတဲ့ မြန်မာနိုင်ငံသားတွေကို ကော့သောင်းက မြန်မာအာဏာပိုင်တွေထံ နို၀င်ဘာလ ၁၃ ရက်နေ့က လွှဲပေးခဲ့တာပါ။
သူတို့အားလုံးကို နေရပ်ပြန်မပို့ဘဲ ကော့သောင်းမြို့ ပိတောက်ရွှေ၀ါရပ်ကွက် မိုးလုံလေလုံအားကစားရုံက တစ်ဆင့် ခြေမြန်တပ်ရင်း ခမရ -၃၄၂တပ်ထဲကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကော့သောင်းဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
“ဟိုဘက်က လွှဲလိုက်တဲ့သူတွေကို အကုန်လုံးခေါ်သွားပြီးတော့ နေရပ်ကို ပြန်မပို့ပေးဘူး။ အခုသူတို့ကို ပထမဆုံး ပိတောက်ရွှေ၀ါရပ်ကွက်က မိုးလုံလေလုံ အားကစားရုံထဲမှာ ထားတယ်။ အဲဒီကနေပြီးတော့မှ အသက် ၁၈ ကနေ ၃၅ နှစ်အတွင်းကို သီးသန့် တစ်၀က်ခွဲလိုက်တယ်။ ပြီးရင် ၃၅ ကနေ ၆၀ အထိကို သီးသန့် ခွဲလိုက်တယ်။ ယောက်ျား မိန်းမ အကုန်လုံးပဲ။ ဒီလို ခွဲခြမ်းစိစစ်ပြီးတော့ ခမရ-၃၄၂ စစ်တပ်ကို ခေါ်သွားတယ်။ အဲဒီမှာသူတို့ ဆေးစစ်ဘာစစ် လုပ်လိမ့်မယ်”
ဖမ်းဆီးခေါ်ဆောင်ခံထားသူတွေအထဲက အသက် ၃၅ နှစ်အထက် ကော့သောင်းဒေသခံတွေကိုတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံချက်နဲ့ သန်းခေါင်စာရင်းပြပြီး တစ်ယောက်ကို ငွေငါးသောင်းနှုန်းနဲ့ ရွေးထုတ်ခိုင်းတာတွေ ရှိတယ်လို့ သူက ဆိုပါတယ်။
စစ်မှုထမ်း ဥပဒေနဲ့ အကျုံး၀င်တဲ့ လူငယ်ပိုင်းတွေကတော့ မဖြစ်မနေ စစ်မှုထမ်းဖို့အတွက် စုဆောင်းခံထားရတယ်လို့ ဆိုပါတယ်။ အခု ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ၁၈၆ ဦးထဲမှာ စစ်မှုထမ်းဖို့ အကျုံးဝင်သူ အရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌရုံးနဲ့ တနင်္သာရီတိုင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
ထိုင်းအာဏာပိုင်တွေအနေနဲ့ မြန်မာနိုင်ငံသားတွေကို အန္တရာယ်ရှိတဲ့နေရာကို ပြန်ပို့တာမျိုး မဖြစ်သင့်ဘူးလို့ New Myanmar Foundation ရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာ စန်းအောင်က ပြောပါတယ်။
“ထိုင်းနိုင်ငံအနေနဲ့ နိုင်ငံတကာ စံချိန်စံညွှန်းကို လိုက်နာရမယ်။ ပြန်ပို့တဲ့အခါ လုံခြုံရမယ်။ စိတ်ချရမယ်။ ဂုဏ်သရေရှိရမယ်။ ကိုယ်တိုင်အလိုတူမှ ပို့ခွင့်ပြုရမယ်။ အန္တရာယ်ရှိတဲ့ ဇုန်ထဲကို အတင်းအကျပ်ပြန်ပို့တာက လုံး၀မဖြစ်ရဘူး။ ကျွန်တော်တို့ ပြန်ပို့တာကို လက်ခံတယ်။ ပို့တဲ့နေရာမှာ အန္တရာယ်မရှိတဲ့နေရာကပဲ ပို့ရမယ်။ စစ်တပ် လက်ထဲရောက်သွားတာကို လုံး၀လက်မခံနိုင်ဘူး။ ဒါတွေကို အကုန်လုံး ကန့်ကွက်ရမယ်။ လုံး၀မဖြစ်သင့်ဘူး”
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်နေ့ကလည်း ရနောင်းထောင်က ပြန်ပို့ခဲ့တဲ့ မြန်မာ ၉၈ ဦး စစ်မှုထမ်းဖို့ စုဆောင်းခံခဲ့ရပြီး အဲဒီအထဲက ငါးဦးကိုပဲ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အထောက်အထားမဲ့ မြန်မာပြည်သူတွေကို ဖမ်းဆီးပြီး မြန်မာနိုင်ငံကို ပြန်ပို့နေတာတွေဟာ စစ်ကောင်စီရဲ့ ထပ်မံဖိနှိပ်မှုကို ခံရစေဖို့နဲ့ စစ်မှုထမ်းဥပဒေအရ လူငယ်တွေကို စစ်မှုထမ်းဖို့ ပို့ဆောင်ပေးနေသလို ဖြစ်နေတယ်လို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က စက်တင်ဘာလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပြောဆိုထားပါတယ်။
ဒါကြောင့် အာဏာသိမ်းကာလ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ စစ်မှုထမ်းဥပဒေတွေကြောင့် ထိုင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင်လာကြတဲ့ မြန်မာနိုင်ငံသားတွေကို ကူညီကယ်ဆယ်ပေးဖို့ ထိုင်းအစိုးရကို NUCC က တောင်းဆိုထားပါတယ်။