မြန်မာငါးဖမ်းလှေပေါ်က မူးယစ်ဆေး ငါးတန်ကျော် အိန္ဒိယကမ်းခြေစောင့်တပ် ဖမ်းဆီး

RFA Burmese
2024.11.26
မြန်မာငါးဖမ်းလှေပေါ်က မူးယစ်ဆေး ငါးတန်ကျော် အိန္ဒိယကမ်းခြေစောင့်တပ် ဖမ်းဆီး ကပ္ပလီပင်လယ်ပြင်ရှိ မြန်မာငါးဖမ်းလှေတစ်စင်းပေါ်မှ စိတ်ကြွဆေးပြားများကို အိန္ဒိယကမ်းခြေစောင့် တပ်ဖွဲ့များက ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၄ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်ကို တွေ့ရစဉ်။
India's Ministry of Defence / AFP

ကပ္ပလီပင်လယ်ပြင်က မြန်မာငါးဖမ်းလှေတစ်စင်းပေါ်မှာ မူးယစ် စိတ်ကြွဆေးပြား (Methamphetamine) ၅ ဒဿမ ၅ တန် ဖမ်းဆီးမိခဲ့တယ်လို့ အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့ကပြောကြောင်း The New India Express က နိုဝင်ဘာ ၂၆ ရက် ဒီနေ့ ဖော်ပြပါတယ်။

ကပ္ပလီပင်လယ်ပြင် အိန္ဒိယရေပိုင်နက်ထဲမှာ မြန်မာနိုင်ငံသားခြောက်ဦးလိုက်ပါလာတဲ့ အဲဒီငါးဖမ်းလှေကို နိုဝင်ဘာ ၂၄ ရက်နေ့က ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

အခုဖမ်းဆီးမိတဲ့ မူးယစ် စိတ်ကြွဆေးပြားပမာဏဟာ အိန္ဒိယရေပြင်ပိုင်နက်ထဲ ဖမ်းဆီးမိသမျှထဲမှာ စံချိန်တင် အများဆုံးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဖမ်းဆီးထားတဲ့ ငါးဖမ်းလှေကိုတော့ အိန္ဒိယရေတပ်စခန်းတစ်ခုကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကလည်း မြန်မာနိုင်ငံနယ်စပ်နဲ့ ကပ်လျက်ရှိတဲ့ ထိုင်းနိုင်ငံအနောက်ပိုင်း ကန်ချနာဘူရီခရိုင်မှာ မြန်မာဘက်က တရားမဝင်ခိုးသွင်းလာတဲ့ စိတ်ကြွဆေးပြား သန်း ငါးဆယ် စံချိန်တင်ဖမ်းမိတယ်လို့ ထိုင်းအစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ လက်ရှိ ကမ္ဘာပေါ်မှာ ဘိန်းအများဆုံးထုတ်လုပ်တဲ့နိုင်ငံ ဖြစ်လာကြောင်း ကုလသမဂ္ဂ မူးယစ် ဆေးဝါးနဲ့ ရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့ (UNODC)ရဲ့ အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ကိုယ်စားလှယ် Jeremy Douglas က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၂ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။