မြန်မာ့စီးပွားရေး ပြိုလဲမည့်အန္တရာယ်ရှိနေကြောင်း ကမ္ဘာ့ဘဏ်ပြော
2022.07.21
စစ်တပ်အုပ်ချုပ်ထားတဲ့ မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းတက်နေတာနဲ့အမျှ စီးပွားရေးက အထိမခံ ဖြစ်မြဲ ဖြစ်နေတယ်လို့ ကမ္ဘာ့ဘဏ်က ဒီနေ့ ပြောကြားလိုက်ပါတယ်။
ကပ်ရောဂါနာလန်ထူရေးအတွက် ငွေကြေးဖောင်းပွမှုမြင့်မားတာ၊ ဒေါ်လာ ရှားပါးပြတ်လပ်တာနဲ့ ပြည်တွင်းပဋိပက္ခရှည်ကြာတာတွေက ပြဿနာဖြစ်နေပြီး မြန်မာ့စီးပွားရေးက အားပျော့မြဲ ပျော့ နေတယ်လို့ မြန်မာ့စီးပွားရေးစောင့်ကြည့်မှု အစီရင်ခံစာမှာ ဖော်ပြလိုက်တာပါ။
၂၀၂၂ မှာ GDP ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုးက ၂၀၁၉ ကထက် ၁၃ % ကျဆင်း မယ်လို့ ခန့်မှန်းပါတယ်။ မနှစ်က ဘဏ္ဍာရေးနှစ်တုန်းကတော့ မြန်မာ့စီးပွားရေး ၁၈ % ကျဆင်း မယ်လို့ ခန့်မှန်းခဲ့ပါတယ်။
လောင်စာဆီအပါအဝင် ပြည်ပသွင်းကုန်အတွက် သုံးနိုင်ဖို့ အမေရိကန်ဒေါ်လာ ကုန်ခန်းနေတာနဲ့ အတူ BOP Balance of Payment ပြည်ပငွေပေး၊ ငွေယူလက်ကျန်ရှင်းတမ်းအခြေအနေက ပိုလို့ စိုးရိမ်နေရတယ်လို့ ပြောပါတယ်။
နိုင်ငံတွင်းဒေသအတော်များများက ပဋိပက္ခတွေကြောင့် ကုန်ထုတ်လုပ်မှု ဆက်လက်အဟန့် အတားဖြစ်မယ်လို့ မျှော်မှန်းတဲ့အကြောင်းလည်း ဖော်ပြပါတယ်။ ရလဒ်အဖြစ် ကပ်ရောဂါ မဖြစ်ပွားခင်က စီးပွားရေးအဆင့်မျိုး မကြာခင် ပြန်လှည့်နိုင်ဖွယ်မရှိဘူးလို့ ဆိုပါတယ်။