ဆီလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ အပါအဝင် လုပ်ငန်းရှင်တချို့ ခေါ်ယူစစ်ဆေးခံနေရ
2023.08.31

မြန်မာနိုင်ငံ ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ အပါအဝင် ဆီလုပ်ငန်းရှင် တချို့ကို စစ်ကောင်စီဘက်က ခေါ်ယူမေးမြန်းနေတယ်လို့ ရန်ကုန်မြို့က စီးပွားရေး လုပ်ငန်းရှင်တွေက ဩဂုတ်လ ၃၁ ရက်မှာ RFA ကို ပြောပါတယ်။
အသင်းဥက္ကဋ္ဌ ဦးဆန်းလင်းနဲ့ ဆီလုပ်ငန်းရှင် လေးဦးထက်မနည်းကို ဩဂုတ် ၃၀ ရက် ညနေပိုင်းမှာ မေးမြန်းဖို့ခေါ်သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။
"အသင်းဥက္ကဋ္ဌနဲ့ လုပ်ငန်းရှင်တချို့ကို မေးမြန်းဖို့ခေါ်သွားတာပါ။ ဘယ်မှာခေါ်ပြီး မေးမြန်းနေလဲဆိုတာ မသိရသေးဘူး"
ဒီလိုခေါ်ယူစစ်ဆေးခံရမှုမှာ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့က ခေါ်ယူစစ်ဆေးတာလား ဒါမှမဟုတ် ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီက ခေါ်ယူစစ်ဆေးတာလား ဆိုတာလည်း တိတိကျကျ မသိရသေးဘူးလို့ သူက ဆိုပါတယ်။
စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာတော့ အသင်းဥက္ကဋ္ဌ ဦးဆန်းလင်း၊ လုပ်ငန်းရှင် ဦးမြင့်ကြူ၊ ဦးထွန်းထွန်းဝင်း၊ ဦးဝမ်ထိုက်၊ ဦးအေးစိန် တို့ကို ခေါ်ယူစစ်ဆေး နေတာဖြစ်တယ်လို့ ဖော်ပြပါတယ်။
နောက်ထပ်လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ကတော့ အရင်က ရွှေလုပ်ငန်းရှင်တွေကိုလည်း ဒီလို ခေါ်ယူစစ်ဆေးလေ့ရှိတာကြောင့် ဖမ်းဆီးထားတဲ့အခြေအနေ မဖြစ်နိုင်ဘူးလို့ RFA ကို ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသလို စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
ဒီအပြင် မြန်မာနိုင်ငံ ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတစ်ဦးကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းတဲ့အခါ ဒီကိစ္စနဲ့ပတ်သက်လို့ သူမဖြေနိုင်တဲ့ အကြောင်း ပြောပါတယ်။
ဩဂုတ်လ ၃၀ ရက် မနက်ပိုင်း နေပြည်တော်မှာ လုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ စီးပွားကူးသန်း ဝန်ကြီးနဲ့ စားအုန်းဆီနဲ့ ပတ်သက်တဲ့ အစည်းအဝေးမှာတော့ မြန်မာနိုင်ငံ ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့ စားသုံးဆီ တင်သွင်းဖြန့်ဖြူးတဲ့ ကုမ္ပဏီက တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။
စစ်ကောင်စီကတော့ စားအုန်းဆီ တင်သွင်းတဲ့လုပ်ငန်းရှင်တွေကို ဝယ်ယူကုန်ကျတဲ့ နိုင်ငံခြားငွေရဲ့ ၅၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်ဈေးနဲ့ ရောင်းချပေးတဲ့အပြင် ကျန် ၅၀ ရာခိုင်နှုန်းကိုတော့ ပြင်ပပေါက်ဈေးထက်သက်သာတဲ့ ငွေလဲလှယ်မှုနှုန်းထားနဲ့ ရောင်းချပေးထားတာပါ။
ဒါပေမဲ့ စားအုန်းဆီဈေးမကျတာကြောင့် လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ်ကျိုးစီးပွားမရှာကြဖို့ စစ်ကောင်စီရဲ့ စီးပွားကူးသန်းဝန်ကြီး ဦးအောင်နိုင်ဦးက ဩဂုတ်လ ၃၀ ရက်ကလုပ်တဲ့ ဆီလုပ်ငန်းရှင်တွေနဲ့အစည်းအဝေးမှာ ပြောခဲ့ပါတယ်။
ဒီအပြင် အခုရက်ပိုင်းအတွင်း စားအုန်းဆီဈေးတွေကို သိသိသာသာ ကျဆင်းစေရေး ဆောင်ရွက်မှာဖြစ်ပြီး လုပ်ငန်းရှင်တွေအနေနဲ့ ပူးပေါင်းကြဖို့ ဦးအောင်နိုင်ဦးက ပြောထားပါတယ်။