မြန်မာ့ရေဘေးကယ်ဆယ်ရေး အမေရိကန်ဦးဆောင်သင့်ကြောင်း အမေရိကန်သံအမတ်ဟောင်း ပြော

RFA Burmese
2024.10.04
မြန်မာ့ရေဘေးကယ်ဆယ်ရေး အမေရိကန်ဦးဆောင်သင့်ကြောင်း အမေရိကန်သံအမတ်ဟောင်း ပြော နေပြည်တော်မှ ရေဘေးသင့်ပြည်သူများအား မီးသတ်အဖွဲ့ဝင်များက ကယ်ဆယ်ခေါ်ဆောင်လာသည့်‌မြင်ကွင်းအား ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်။
Myanmar Fire Services Department

Updated: 8:19 PM, Oct 05, 2024

မြန်မာနိုင်ငံက ရေဘေးသင့်ပြည်သူတွေကို ကူညီရေးအတွက် အမေရိကန်ပြည်ထောင်စုက ဦးဆောင်ရမှာဖြစ်ကြောင်း အမေရိကန်သံအမတ်ဟောင်း ဒဲရစ်မစ်ချယ်က တိုက်တွန်းလိုက်ပါတယ်။

သံအမတ်ဟောင်း ဒဲရစ်မစ်ချယ်နဲ့ နိုင်ငံရေးလေ့လာသူ ဂျက်မြင့်တို့ ရေးသားထားတဲ့ ဆောင်းပါးကို အောက်တိုဘာ ၄ ရက်နေ့က အမေရိကန်အခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးဌာန (CSIS) က ထုတ်ပြန်လိုက်တာပါ။ 

ပြင်းထန်မှု အဆင့် ၅ ရှိတဲ့ ရာဂီတိုင်ဖွန်း တိုက်ခိုက်တဲ့ဒဏ်ကို အရှေ့တောင်အာရှနဲ့ တရုတ်ပြည်တောင်ပိုင်းက အကြီးအကျယ်ခံစားခဲ့ရကြောင်းနဲ့ မြန်မာ၊ တရုတ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်းနဲ့ လာအိုနိုင်ငံက လူသန်းပေါင်းများစွာ အကူအညီတွေ လိုအပ်နေကြောင်း၊ အဲဒီထဲမှာ လက်ရှိ လက်နက်ကိုင်ပဋိပက္ခ၊ စီးပွားရေး၊ နိုင်ငံရေးအခြေအနေ တည်ငြိမ်မှုမရှိတဲ့ မြန်မာနိုင်ငံဟာ တခြားနိုင်ငံတွေထက် ပိုပြီး အကူအညီ လိုအပ်နေတယ်လို့ ဆောင်းပါးက ဆိုပါတယ်။

မြန်မာပြည်မှာ လက်ရှိရေဘေးဒဏ်ခံနေရသူ တစ်သန်းခန့်ရှိပြီး အစားအစာ၊ နေစရာ၊ သောက်သုံးရေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ကြီးကြီးမားမား လိုအပ်နေကြောင်း၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက မြန်မာရေဘေးအတွက် ပေးအပ်တဲ့ အကူအညီတွေက လုံလောက်မှုမရှိကြောင်း၊ အရပ်သားအစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီကြောင့် လူသားချင်းစာနာမှုအကူအညီပေးရေးကိစ္စတွေကလည်း အတော်ကို ခက်ခဲရှုပ်ထွေးနေတယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် မြန်မာပြည်သူတွေကို ဒီသဘာဝဘေးဒဏ်ကနေ ကူညီရေးအတွက် အမေရိကန်ပြည်ထောင်စုက ဦးဆောင်ဖို့ တာဝန်ရှိကြောင်း အဲဒီဆောင်းပါးမှာ ဖော်ပြပါတယ်။

အောက်တိုဘာ ၁ ရက်နေ့ထုတ် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာ့အလင်းသတင်းစာပါ ဖော်ပြချက်တွေအရ နိုင်ငံတစ်ဝန်း ရေကြီးမြေပြိုမှုတွေကြောင့် သေဆုံးသူ ၄၃၆ ဦးအထိ ရှိခဲ့ပြီး ရေစီးနဲ့မျောပါ ပျောက်ဆုံးသူ ၆၆ ဦး ရှိပါတယ်။ 

(မှတ်ချက် - ဤသတင်းတွင် CSIS ၏ ထုတ်ပြန်ချက်အစား အမေရိကန်သံအမတ်ဟောင်း ရေးသားတိုက်တွန်းထားသည့် ဆောင်းပါးကို CSIS က ပြန်လည်ဖော်ပြခြင်းဖြစ်ကြောင်း ပြင်ဆင်ထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။