ရာဂီမုန်တိုင်းဒဏ်ခံရတဲ့ ဒေသတွင်းနိုင်ငံတွေကို အမေရိကန် ကူညီမည်
2024.09.12
ရာဂီမုန်တိုင်းရိုက်ခတ်မှုကြောင့် ဆိုးကျိုးခံစားနေရတဲ့ ဗီယက်နမ်၊ မြန်မာ၊ တရုတ်၊ ထိုင်း၊ လာအို၊ ဖိလစ်ပိုင်နိုင်ငံတွေကို လိုအပ်တဲ့အကူအညီတွေပေးဖို့ အသင့်ရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောလိုက်ပါတယ်။
ဒေသတွင်းနိုင်ငံတွေမှာ တိုက်ခတ်နေတဲ့ ရာဂီ မုန်တိုင်းနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဌာနက စက်တင်ဘာ ၁၂ ရက်နေ့မှာ ကြေညာချက်ထုတ်လိုက်တာဖြစ်ပါတယ်။
တိုင်ဖွန်း ရာဂီမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဗီယက်နမ်နဲ့ ဒေသတွင်းနိုင်ငံတွေမှာ ကြေကွဲဖွယ်ရာ အသက်ဆုံးရှုံးရတာ၊ အိုးအိမ်ပျက်စီးရတာတွေအတွက် ဝမ်းနည်းကြောင်း ဖော်ပြထားပါတယ်။
ဗီယက်နမ်ပြည်သူတွေကို အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID)က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပံ့ပိုးပေးနေတယ်လို့လည်း ပါရှိပါတယ်။ USAID က အမိုးအကာ၊ ရေ၊ မိလ္လာနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုဆိုင်ရာ အကူအညီတွေအပြင် ဗီယက်နမ်အစိုးရရဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကူအညီပေးရေး ကြိုးပမ်းမှုတွေမှာ ပါဝင်သွားမယ်လို့ ဆိုပါတယ်။
လာမဲ့ရက်တွေမှာလည်း မိုးကြီးနိုင်တယ်လို့ ခန့်မှန်းထားတာကြောင့် USAID ရဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကျွမ်းကျင်သူတွေက ဒေသဆိုင်ရာ အာဏာပိုင်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အနီးကပ်ပူးပေါင်းသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ရာဂီမုန်တိုင်းဝင်ရောက်ခဲ့တဲ့ အရှေ့တောင်အာရှဒေသတွင်းနိုင်ငံတွေမှာ လူပေါင်း ၂၅ဝ ကျော် သေဆုံးခဲ့ရပြီး အဲဒီထဲမှာ ဗီယက်နမ်က လူပေါင်း ၂၂၆ ယောက်နဲ့ အများဆုံး သေဆုံးခဲ့တယ်လို့ AFP သတင်းက ဖော်ပြပါတယ်။ ထိုင်းနိုင်ငံမြောက်ပိုင်းမှာတော့ ကိုးဦး သေဆုံးခဲ့ပါတယ်။ ရာဂီမုန်တိုင်းကြောင့် ဒေသတွင်းနိုင်ငံတွေမှာ နေအိမ်တွေ ရေကြီးရေလျှံပြီး၊ အခြေခံအဆောက်အအုံ ပြိုကျပျက်စီးခဲ့သလို လူပေါင်း သန်းနဲ့ချီ ရေဘေးသင့်နေပါတယ်။