မြန်မာ့လူဦးရေ ၁၈ သန်းခွဲကျော် အကူအညီလိုအပ်နေ

RFA Burmese
2024.03.03
မြန်မာ့လူဦးရေ ၁၈ သန်းခွဲကျော် အကူအညီလိုအပ်နေ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။
ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများ

မြန်မာ့လူဦးရေ ၁၈ သန်းခွဲကျော်ဟာ အရေးပေါ်လူသားချင်းစာနာမှု အကူအညီတွေလိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က မတ်လ ၃ ရက်နေ့ ထုတ်ပြန်ကြေညာပါတယ်။

တိုက်ပွဲတွေကြောင့် လုံခြုံမှုမရှိတဲ့အခြေအနေကြားမှာ ငွေကြေးဖောင်းပွတဲ့ဒဏ်ကြောင့် လူတော်တော်များများဟာ နေ့စဉ်လိုအပ်ချက်တွေ ပြည့်မီဖို့အရေး မနည်းရုန်းကန်နေရတယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံတစ်ဝန်းမှာ ပဋိပက္ခတွေ တိုးလာနေပြီး အထူးသဖြင့် အရှေ့တောင်ပိုင်း၊ အနောက်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်မှာ အဆိုးဆုံးဖြစ်နေပြီး ဒုက္ခသည်အရေအတွက်လည်း တိုးလာနေတယ်လို့ UNOCHA ကပြောပါတယ်။ ဒီကနေ့အထိဆိုရင် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည် ၂ ဒသမ ၇ သန်းရှိပြီလို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်ထဲကို ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလကစလို့ လမ်းတွေအားလုံးကိုပိတ်ဆို့ထားတာကြောင့် စားနပ်ရိက္ခာတွေ ရှားပါးလာနေပြီး ကုန်စျေးနှုန်းတွေလည်း ကြီးလာနေတယ်လို့ ဖော်ပြထားပါတယ်။

UNOCHA အနေနဲ့ အကူအညီလိုအပ်နေသူတွေဆီရောက်အောင်ကြိုးစားနေပေမဲ့ လွတ်လွတ်လပ်လပ်သွားလာခွင့်မရဘဲ ပိတ်ဆို့ခံထားရတာ၊ ရန်ပုံငွေလိုအပ်တာတွေကြောင့် ခရီးမပေါက်ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။