မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး စခန်းတွေ ပြန်ဖွင့်ခွင့်ပြု
ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားမှုကြောင့် အချိန် သုံးလနီးပါးကြာ ပိတ်ထားခဲ့ရတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးစခန်းတွေကို ပြန်ဖွင့်ခွင့်ပြုလိုက်တာကြောင့် မကြာခင် ပြန်ဖွင့် တော့မယ်လို့ မောင်တော နယ်စပ်ကုန်သွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက RFA ကို ဒီကနေ့ ပြောပါတယ်။
နယ်စပ်ကုန်သွယ်ရေးစခန်းတွ ပြန်ဖွင့်နိုင်ဖို့ ပြီးခဲ့တဲ့ စတင်ဘာလကတည်းက ပြည်နယ်စစ်ကောင်စီကနေ တဆင့် နေပြည်တော်အထိ တင်ပြခဲ့တာဖြစ်ပြီး အခုပြန်ဖွင့်ဖို့ ခွင့်ပြုလိုက်ပြီလို့ ဦးအောင်မြင့်သိန်းက ဆိုပါတယ်။
ဖွင့်ခွင့်ပြုလိုက်ပေမယ့် ဘယ်နေ့ စဖွင့်မလဲဆိုတာကိုတော့ ရခိုင်ပြည်နယ် ဥပဒေချုပ်နဲ့ ကုန်သည်တွေ အောက်တိုဘာ ၁၃ ရက် ဒီနေ့ ညနေပိုင်းမှာ တွေ့ဆုံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
မောင်တောမြို့ ကညင်ချောင်းနဲ့ စစ်တွေမြို့က ရွှေမင်းဂံ နယ်စပ်ကုန်သွယ်ရေးစခန်း နှစ်ခုကနေ အရင်က တစ်လကို အမေရိကန်ဒေါ်လာ ၁၀ သန်းကျော် ကုန်သွယ်မှုရှိခဲ့ပေမယ့် ကိုဗစ်ကူးစက်မှုကြောင့် ဇူလိုင်လ ၁၅ ရက်နေ့ကတည်းက ပိတ်ထားခဲ့ရတာပါ။
နယ်စပ်ကုန်သွယ်ရေးစခန်းတွေ ပြန်ဖွင့်ခဲ့ရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကတဆင့် ကိုဗစ်ရောဂါ ကူးစက်မှုတွေ မဖြစ်အောင် ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ကြိုတင်ဆောင်ရွက်မှုတွေ လုပ်ဆောင်ထားတယ်လို့ ဦးအောင်မြင့်သိန်းက ပြောပါတယ်။
အဲဒီ နယ်စပ်ကုန်သွယ်ရေးစခန်း နှစ်ခုကနေ မြန်မာနိုင်ငံကထွက်တဲ့ ဆန်၊ ကြက်သွန်အပါအဝင် လယ်ယာ ထွက်ကုန်၊ ရေချိုငါး၊ ဂဏန်း၊ ပုစွန် စတဲ့ရေထွက်ပစ္စည်း ၉၀ ရာခိုင်နှုန်းအထိ တင်ပို့နေပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဒယ်အိုး၊ သွပ်ထည်ပစ္စည်းတွေနဲ့ ပလပ်စတစ်အပါအဝင် ပစ္စည်းအမျိုးအစား ၁၀ မျိုးနီးပါးကို ပြန်လည်တင်သွင်းနေတာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပါဘူး။
ရခိုင်ပြည်နယ်မှာ ကိုဗစ်တတိယလှိုင်း ပြန်လည်ကူးစက်မှုကို ပြီးခဲ့တဲ့မေလက အဲဒီကုန်သွယ်ရေးစခန်းတွေ ကနေ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ပြည်နယ်ကျန်းမာရေးဌာနရဲ့ စာရင်းတွေအရ ကူးစက်ခံရသူ ၁၀၀ ကျော် ရှိခဲ့ပါတယ်။