မြန်မာ့အရေးစေ့စပ်ဆွေးနွေးဖို့ကြိုးပမ်းတဲ့ လျှို့ဝှက်အစည်းအဝေး အိန္ဒိယမှာပြုလုပ်ခဲ့

RFA Burmese
2023.04.26
မြန်မာ့အရေးစေ့စပ်ဆွေးနွေးဖို့ကြိုးပမ်းတဲ့ လျှို့ဝှက်အစည်းအဝေး အိန္ဒိယမှာပြုလုပ်ခဲ့ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ကျင်းပသည့် အာဆီယံအစည်းအဝေးတွင် လွှင့်တင်ထားသည့် အာဆီယံနိုင်ငံများ၏ အလံများအား ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့က တွေ့ရစဉ်။
Reuters/Cindy Liu

မြန်မာ့အိမ်နီးချင်းတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယအပါအဝင် စစ်ကောင်စီအဖွဲ့ဝင်တချို့နဲ့ ဉာဏ်ကြီးရှင်အဖွဲ့က ကိုယ်စားလှယ်တွေဟာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ မနေ့က ဧပြီလ ၂၄ ရက်နေ့က လျှို့ဝှက်အစည်းအဝေးတစ်ခု ကျင်းပခဲ့တယ်လို့ သတင်းရင်းမြစ်နှစ်ခုကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဒီနေ့ ဖော်ပြပါတယ်။

မြန်မာနိုင်ငံက သွေးထွက်သံယို အကျပ်အတည်းတွေ ဖြေရှင်းဖို့အတွက် "Track 1.5" လို့ နာမည်ပေးထားတဲ့ အဲဒီလျှို့ဝှက်အစည်းအဝေးကို ပြီးခဲ့တဲ့လက ပထမအကြိမ်အဖြစ် ထိုင်းနိုင်ငံမှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ အခုတစ်ခါ ဒုတိယအကြိမ်အနေနဲ့ အိန္ဒိယမှာ ပြုလုပ်ခဲ့တာလို့ သတင်းမှာဖော်ပြပါတယ်။

နာမည်မဖော်ပြဖို့ တောင်းဆိုထားတဲ့ သတင်းရင်းမြစ်ရဲ့ ပြောကြားချက်အရ… အင်္ဂါနေ့က ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ မြန်မာ၊ အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ အာဆီယံလက်ရှိ ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက တာဝန်ရှိသူတွေပါဝင်တယ်လို့ ဆိုပါတယ်။

ပါဝင်ဆွေးနွေးတဲ့ ပုဂ္ဂိုလ်တွေက ဒီအစည်းအဝေးတွေမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုလည်း ဖိတ်ကြားဖို့ လိုလားတဲ့အကြောင်း သတင်းရင်းမြစ်တစ်ဦးက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။ စစ်ကောင်စီနဲ့ NUG တို့ တရားဝင်ဆက်သွယ် ဆွေးနွေးတာ လုံးဝမရှိတဲ့အတွက် ဖိတ်ကြားဖို့လိုတယ်လို့ ယူဆကြတဲ့အကြောင်း အဲဒီပုဂ္ဂိုလ်က ပြောပါတယ်။

ဒီအစည်းအဝေးနဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီဘက်ကို ဆက်သွယ်မေးမြန်းလို့ မရသလို၊ အိန္ဒိယနဲ့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ နယူးဒေလီမြို့က တရုတ်သံရုံးနဲ့ NUG တို့ကို ရိုက်တာသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လတ်တလောမှာ တုံ့ပြန်ဖြေကြားတာ မရှိသေးဘူးလို့ ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကတော့ အဲဒီအစည်းအဝေး ရှိတယ်ဆိုတာ သူမသိဘူးလို့ ဖြေကြားပါတယ်။

နောက်ထပ် သတင်းရင်းမြစ်တစ်ခုရဲ့ ပြောကြားချက်အရ ဒီအစည်းအဝေးကို အိန္ဒိယအခြေစိုက် Think-Tank ဉာဏ်ကြီးရှင်အဖွဲ့တစ်ဖွဲ့က ကမကထပြုပြီး ကျင်းပတာလို့ ပြောပါတယ်။ အကြမ်းဖက် တိုက်ခိုက်မှုတွေ လျှော့ချဖို့၊ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်နိုင်မယ့်အခြေအနေ ဖန်တီးဖို့နဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်ဖို့ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။ တတိယအကြိမ် အစည်းအဝေးကို လာအိုနိုင်ငံမှာ လုပ်ဖြစ်လိမ့်မယ်လို့လည်း ပြောပါတယ်။

ဒီအစည်းအဝေးဟာ အာဆီယံရဲ့ကြိုးစားအားထုတ်မှုကို အစားထိုးတာ မဟုတ်ဘဲ၊ အာဆီယံရဲ့ ဆောင်ရွက်ချက်တွေကို ပိုအကျိုးရှိစေမှာဖြစ်တယ်လို့ ဒုတိယ သတင်းရင်းမြစ်က ရိုက်တာကို ပြောပါတယ်။

လက်ရှိကာလမှာ စစ်ကောင်စီကို အနောက်နိုင်ငံတွေက အဆက်အဆံမလုပ်ကြသလို၊ အာဆီယံ အစည်းအဝေးတွေမှာလည်း မဖိတ်ဘဲ ပိတ်ပင်ထားပါတယ်။ တဘက်မှာတော့ စစ်ကောင်စီနဲ့ ရုရှားရဲ့ ဆက်ဆံရေးပိုများလာနေပါတယ်။ ဒီအတောအတွင်းမှာပဲ စစ်ကောင်စီနဲ့ ထိုင်းရဲ့ဆက်ဆံရေးလည်း ပိုစိပ်လာသလို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းလည်း ရောက်လာခဲ့ပြီး အကြမ်းဖက်မှုတွေရပ်ဖို့ တိုက်တွန်းသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။