ငွေကြေးဖောင်းပွမှု အများဆုံး ငါးနိုင်ငံစာရင်းထဲ မြန်မာပါဝင်လာ

2022.09.14
ငွေကြေးဖောင်းပွမှု အများဆုံး ငါးနိုင်ငံစာရင်းထဲ မြန်မာပါဝင်လာ မြန်မာငွေစက္ကူ ရေတွက်နေသူတစ်ဦးအား ၂၀၂၁ ခုနှစ် ဧပြီလ ၁၉ ရက်နေ့က တွေ့ရစဉ်
Photo: AFP

စစ်အာဏာသိမ်းပြီးနောက် စီးပွားရေးအကျပ်အတည်းတွေ ကြုံနေရတဲ့ မြန်မာနိုင်ငံဟာ ငွေကြေးဖောင်းပွမှု အမြင့်ဆုံးငါးနိုင်ငံ စာရင်းထဲပါဝင်နေပြီလို့ အမေရိကန်အခြေစိုက် Johns Hopkins တက္ကသိုလ်ရဲ့ စီးပွားရေးပညာရှင် Steve H. Hanke က ပြီးခဲ့တဲ့ စက်တင် ဘာ ၈ ရက်နေ့မှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာ Twitter ကနေ သတိပေးထားပါတယ်။

အဲဒီငွေကြေးဖောင်းပွမှု အများဆုံးစာရင်းထဲမှာ ဇင်ဘာဘွေ၊ ကျူးဘား၊ လက်ဘနွန်၊ တူရကီနဲ့ မြန်မာနိုင်ငံတို့က အစဉ်လိုက်ရှိနေတာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွ မှုက ၁၂၇ ရာခိုင်နှုန်းအထိရှိလာတာပါ။

အခုနှစ် ဧပြီလအထိ မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုက ၁၈ ရာခိုင်နှုန်းသာရှိခဲ့ပေမယ့် အခု စက်တင်ဘာလ အထဲမှာတော့ တစ်ရာကျော်အထိ မြင့်တက်လာတာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလကစလို့ အခုနှစ် စက်တင်ဘာ ၈ ရက်အထိ အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်း ၆၃ ဒသမ ၁၂ ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်လို့လည်း စီးပွားရေး ပညာရှင် Steve H. Hanke က ပြောပါတယ်။

သွင်းကုန်ကိုသာ အဓိကထားနေရတဲ့ မြန်မာနိုင်ငံအတွက် စစ်ကောင်စီရဲ့ စီးပွားရေးစီမံခန့်ခွဲ မှု အလွဲတွေကြောင့် အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်းတွေ မြင့်တက်လာပြီးနောက် အစားအစာ၊ လောင်စာဆီနဲ့ ဆေးဝါးဈေးတွေလည်း မြင့်တက်နေပါတယ်။

ကုန်ဈေးနှုန်းတွေ မြင့်တက်နေတာကြောင့် ရန်ကုန်တိုင်းထဲက ဆင်ခြေဖုံးရပ်ကွက်တချို့မှာ အလှူရှင်တွေရဲ့ ကူညီမှုကိုပဲ စောင့်မျော်နေရတယ်လို့ လှိုင်သာယာမြို့မှာနေထိုင်တဲ့ အသက် ၆၇ နှစ်အရွယ် လုံခြုံရေးဝန်ထမ်း အမျိုးသားတစ်ဦးက RFA ကို ပြောပါတယ်။

“ဆန်နဲ့ ဆီဈေးတွေ တက်လာတော့ တချို့ရပ်ကွက်တွေ အလှူရှင်တွေရဲ့ အကူအညီပဲ မျော်နေကြရတာ။ ဆန်လေး၊ ဆီလေး ဝေပေးရင် ယူကြရတာပေါ့။ အခုချိန်မှာ အဲလိုပဲ လုပ်နေကြရတာ”

ငွေကြေးဖောင်းပွမှုကြောင့် လုပ်ခလစာ မလုံလောက်တာအပြင် အလုပ်လက်မဲ့အရေ အတွက် များပြားလာနေတာကြောင့် ဆင်းရဲကျပ်တည်းမှုကို အခြေခံလူတန်းစားတွေက ပိုခံစားနေရတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ဘဏ်က ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ ထုတ်ပြန်ခဲ့တဲ့ မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင် ခံစာထဲမှာတော့ စစ်အဏာသိမ်းပြီး တစ်နှစ်ခွဲကာလအတွင်း မြန်မာနိုင်ငံလူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းဟာ ဆင်းရဲမွဲတေမယ်လို့ အသိပေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။