မလေးရှားမှာ မြန်မာအလုပ်သမား တစ်ရာကျော် ဖမ်းဆီးခံရ

RFA Burmese
2023.08.05
မလေးရှားမှာ မြန်မာအလုပ်သမား တစ်ရာကျော် ဖမ်းဆီးခံရ ရွှေ့ပြောင်းအလုပ်သမားများအား စစ်ဆေးနေသည့် မလေးရှားလူဝင်မှု ကြီးကြပ်ရေးအာဏာပိုင်များကို တွေ့ရစဉ်။
Malaysia Immigration News Facebook

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ဩဂုတ် ၅ ရက်နေ့က မြန်မာအလုပ်သမား ၁၀၈ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ အလုပ်သမားအရေးကူညီသူတွေက ပြောပါတယ်။

ရွှေ့ပြောင်းအလုပ်သမားအများစုနေထိုင်တဲ့ Cheras တိုက်ခန်းတွေကို မလေးရှားလူဝင်မှု ကြီးကြပ်ရေးအာဏာပိုင် ၆၀ လောက်က ဩဂုတ်လ ၅ ရက်နေ့မနက်အစောပိုင်းက ဝင်ရောက်စီးနင်းခဲ့ရာမှာ တရားမဝင်နေထိုင်သူ ၄၂၅ ဦးကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အဲဒီထဲမှာ မြန်မာအလုပ်သမား ၁၀၈ ဦးပါဝင်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ်သမားတွေအတွက် တရားဝင်လိုက်ပါဆောင်ရွက်နိုင်မယ့် မြန်မာအလုပ်သမားအဖွဲ့အစည်းမရှိတဲ့အခက်အခဲတွေ ဖြစ်နေတယ်လို့ မလေးရှားရောက် မြန်မာအလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေတဲ့ နှလုံးလှပရဟိတအဖွဲ့က ကိုသက်က ပြောပါတယ်။

“အဓိကကတော့ အထောက်အထားမခိုင်လုံတာပေါ့။ အယောက်တစ်ရာကျော်ပါသွားတယ်။ လက်ရှိမှာ work permit တွေ ပေးနေတယ်။ သူတို့က မလုပ်ကြဘူး။ မလုပ်တဲ့အချိန် စစ်ဆေးရေးဝင်တာပေါ့။ အထောက်အထားမရှိရင် ဘယ်လိုမှ လိုက်လို့မရဘူး ။ သူဌေးတွေ လိုက်ကူပြောပေးသူတွေပဲ ရှိတယ်။ အဖွဲ့အစည်းတွေရှိရင်‌တော့ ကောင်းတာပေ့ါ“

ဖမ်းဆီးခံထားရသူတွေထဲမှာ မြန်မာနိုင်ငံသား ၁၀၈ ဦးအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၅၂ ဦး ၊ ဖိလစ်ပိုင် နှစ်ဦး၊ အင်ဒိုနီးရှား ၃၀ ဦး၊ ကမ္ဘောဒီးယား ခြောက်ဦး၊ နီပေါနိုင်ငံသား ၂၀ဦး နဲ့ ပါကစ္စတန်နိုင်ငံသား ခုနစ်ဦး ပါဝင်ပါတယ်။

တရားမဝင်အလုပ်လုပ်ကိုင်သူတွေရှိတယ်ဆိုတဲ့ တိုင်ကြားချက်ကြောင့် နှစ်ပတ်ကြာ စုံစမ်းစစ်ဆေးပြီးနောက် မလေးရှားအာဏာပိုင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးခံရသူတွေကို မလေးရှားနိုင်ငံ ဘူးကေ့အကျဉ်းထောင်ကို ပို့ဆောင်ထားပြီး လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေအရ အရေးယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။