မလေးရှားကို တရားမဝင်သွားရောက်တဲ့ မြန်မာ ၂၁ ဦး ထိုင်းမှာဖမ်းဆီးခံရ

2022.04.13
Share on WhatsApp
Share on WhatsApp
မလေးရှားကို တရားမဝင်သွားရောက်တဲ့  မြန်မာ ၂၁ ဦး ထိုင်းမှာဖမ်းဆီးခံရ (၂၀၂၀ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့က ထိုင်း-မလေးရှားနယ်စပ် Sungai Kolok မြို့မှာ ထိုင်းရဲတွေက ထိုင်းနိုင်ငံအတွင်းဝင်ရောက်လာသူတွေကို စစ်ဆေးနေစဉ်။)
Photo:AFP

မလေးရှားနိုင်ငံကိုသွားမယ့် တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၁ ဦးကို ဧပြီလ ၁၂ ရက်နေ့က ထိုင်း-မလေးရှားနယ်စပ်၊ ဆုံခလာခရိုင်မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

ထိုင်း-မြန်မာနယ်စပ်၊ ပရာကျွတ်ခရီခန်ခရိုင်ကနေ တရားမဝင်ဝင်လာပြီး အဲဒီကနေမှ မလေးရှားနယ်စပ်ကို သွားရောက်ချိန်မှာ ဆုံခလာခရိုင်၊ ရတ်ထဖွတ်မြို့နယ်မှာ ယာဉ်မောင်းသူနှစ်ဦးနဲ့အတူ မြန်မာနိုင်ငံသား ၂၁ ဦး ဖမ်းဆီးခံခဲ့ရတာပါ။

အခုနောက်ပိုင်း မလေးရှားနိုင်ငံကို တရားမဝင်သွားတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ဖမ်းဆီးခံရတာ မကြာခဏ ဖြစ်လာနေသလို သင်္ကြန်ကာလမှာ ထိုင်းရဲတပ်ဖွဲ့က လုံခြုံရေးပိုပြီး တင်းကျပ်ထားတဲ့အတွက် မြန်မာနိုင်ငံသားတွေ တရားမဝင်ခိုးဝင်တာတွေမလုပ်ဖို့ ထိုင်းနိုင်ငံတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (FED) က အလုပ်သမားရေးတာဝန်ခံဦးမင်းဦးက ပြောပါတယ်။

“အရင်ကထက်စာရင် နည်းနည်းများလာတယ်။ အခေါက်ရေများလာတယ်။ သင်္ကြန်ရက်ဆိုတော့ စစ်ဆေးမှုတွေ ပို့လုပ်မယ်လို့ ထင်တယ်။ ဒီအတောအတွင်း ဖမ်းဆီးမှုတွေ ပိုပြီးဖြစ်နိုင်တယ်။ ဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင် တရားမဝင်မသွားကြဖို့ အခုငွေလည်းကုန် လူလည်းဒုက္ခရောက် နောက်ပြီးရင် ဖမ်းဆီးချုပ်နှောင်ခံရပြီးတော့ ဒုက္ခရောက်နေတာပဲ။ မစွန့်စားစေချင်ဘူးပေါ့ဗျာ”

သူတို့တွေဟာ လူပွဲစားကို ဘတ်ငွေလေးသောင်းပေးခဲ့ရပြီး မလေးရှားနိုင်ငံရောက်ရင် လက်ကျန်ငွေဘတ်နှစ်သောင်းကို ပေးရမှာဖြစ်ပါတယ်။

ယာဉ်မောင်းသူနှစ်ဦးကိုလည်း ထိုင်းနယ်စပ်၊ ပရာကျွတ်ခရီခန်ခရိုင်ကနေ မလေးရှားနယ်စပ်သွားဖို့ ဘတ်ငွေတစ်သောင်းပေးပြီး ခေါ်လာတာဖြစ်တယ်လို့ ဧပြီလ ၁၃ ရက်နေ့ထုတ် ဘန်ကောက်ပိုစ့်သတင်းမှာ ဖော်ပြထားပါတယ်။

အခုဖမ်းဆီးခံရသူတွေဟာ ရန်ကုန်၊ မြဝတီ၊ မော်လမြိုင်ဘက်က လာကြသူတွေဖြစ်ပါတယ်။ သူတို့တွေဟာ တရားမဝင်ခိုးဝင်မှုနဲ့ ဥပဒေအရ အရေးယူခံရပြီးနောက် ပြည်နှင်ဒဏ်ပေးခံရမှာ ဖြစ်တယ်လို့ ဘန်ကောက်ပိုစ့်သတင်းမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့ကလည်း လူပွဲစားကို ဘတ်ငွေ ၅၆၀၀၀ ပေးပြီး တရားမဝင်ဝင်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၀ ဦးကို ထိုင်းမလေးရှားနယ်စပ် ဆုံခလာခရိုင် စဒါအိုမြို့နယ်က ရော်ဘာခြံတခုမှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။