အိန္ဒိယဘက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သား လေးဆယ်ကျော်ကို မြန်မာဘက်ပြန်ပို့

RFA Burmese
2023.11.15
အိန္ဒိယဘက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သား လေးဆယ်ကျော်ကို မြန်မာဘက်ပြန်ပို့ အိန္ဒိယနိုင်ငံဘက်သို့ ခိုလှုံသွားသည့် စစ်ကောင်စီတပ်သားများအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့သိမ်းတိုက်ပွဲအတွင်း အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံသွားတဲ့ စစ်ကောင်စီတပ်သား လေးဆယ်ကျော်ကို နိုဝင်ဘာ ၁၄ ရက်နေ့မှာ မိုးရေးမြို့ကတစ်ဆင့် မြန်မာနိုင်ငံ၊ တမူးမြို့ကို လွှဲပြောင်းပေးခဲ့တယ်လို့ အိန္ဒိယအခြေစိုက် The Indian Express သတင်းဌာနက ဒီကနေ့ ဖော်ပြထားပါတယ်။

နိုဝင်ဘာ ၁၃ ရက်နေ့က စစ်ကောင်စီတပ်သား ၄၄ ဦးဟာ ရိခေါ်ဒါရ်တပ်စခန်းကနေ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင်ဘက်ကို ထွက်ပြေးခိုလှုံခဲ့ပြီးနောက် အိန္ဒိယလေတပ်ရဲ့ Mi-17 V5 ရဟတ်ယာဉ်နဲ့ နိုဝင်ဘာ ၁၄ ရက်နေ့မှာ မြန်မာဘက်ကို ပြန်ပို့ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်သားတွေကို မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင် နှာ့လန်ရွာကတစ်ဆင့် အိန္ဒိယအာဏာပိုင်တွေက ရဟတ်ယာဉ်နဲ့ လာရောက်ခေါ်ဆောင်သွားတာ တွေ့ခဲ့ရတယ်လို့ အဲဒီမှာရှိတဲ့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးသလို ဒီအပေါ် တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးကျော်စိုးဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ရိခေါ်ဒါရ်မြို့က စစ်ကောင်စီတပ်စခန်းတွေကို နိုဝင်ဘာ ၁၂ ရက် ညနေပိုင်းမှာ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခဲ့ပြီး နိုဝင်ဘာ ၁၃ ရက်ညနေပိုင်းမှာ မြို့ကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့ CNF ပြောခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူး အပါအဝင် ခုနစ်ဦးလည်း ဒေသကာကွယ်ရေးတပ်တွေထံ လက်နက်ချ အဖမ်းခံခဲ့တယ်လို့ CNF က ဆိုပါတယ်။

နိုဝင်ဘာ ၃ ရက်နေ့ကနေ ၇ ရက်နေ့အထိ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ထဲက ခါမ်းပါတ်မြို့တိုက်ပွဲမှာလည်း စစ်ကောင်စီတပ်သားတွေနဲ့ မိသားစုဝင်လေးဆယ်ကျော်ဟာ အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံခဲ့ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အိန္ဒိယဘက်ကနေ မြန်မာနိုင်ငံဘက်ကို ပြန်ပို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။