လိုင်လင်းပီစခန်းက ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သား သုံးဆယ်ခန့် အိန္ဒိယဘက်ခိုလှုံ
2023.11.29
ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့သိမ်း တိုက်ပွဲအတွင်း နိုဝင်ဘာ ၂၄ ရက်နေ့က စခန်းစွန့်ခွာ ထွက်ပြေးသွားကြတဲ့ စစ်ကောင်စီတပ်သား သုံးဆယ်ခန့် နိုဝင်ဘာ ၂၈ ရက်နေ့မှာ အိန္ဒိယနိုင်ငံဘက်ကို ရောက်ရှိလာပြီး အာသံရိုင်ဖယ်တပ်ထံမှာ လက်နက်ချခိုလှုံခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီ စစ်ကောင်စီတပ်သားတွေဟာ အိန္ဒိယ - မြန်မာနယ်စပ် မြန်မာနိုင်ငံထဲက မာလာ (Mala) ရွာသားတစ်ဦးကို လမ်းပြအဖြစ် ခေါ်ဆောင်လာတာလို့ ဆိုပါတယ်။
အဲဒီနောက် မီဇိုရမ်ပြည်နယ်၊ ဆိုက်ဟားမြို့နယ်၊ လာကီ (Laki) ရွာက အာသံရိုင်ဖယ် တပ်စခန်းကို ရောက်လာပြီး ခိုလှုံခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လာကီရွာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့က မနက်အစောပိုင်းမှာ ရောက်လာကြတာပါ။ ကျွန်မတို့ ရွာကိုရောက်တော့မှ သူတို့ခေါ်လာတဲ့ လမ်းပြကို ပြန်လွှတ်ပေးလိုက်တာ။ အိန္ဒိယနယ်စပ် ရောက်ပြီဆိုတာနဲ့ အိန္ဒိယစစ်သားတွေက သူတို့ကို သွားကြိုကြတာ။ သူတို့လာတဲ့ လမ်းမှာ သုံးယောက် သေခဲ့တယ်တဲ့။ စုစုပေါင်း သူတို့ သုံးဆယ်လောက်ပဲ ကျန်တယ်။ ဒီနေ့မှာ လေယာဉ်နဲ့ ဟိုဘက် မိုးရေးနယ်စပ်ဘက်ကို ပြန်ပို့မယ်ထင်တယ်”
လိုင်လင်းပီမြို့မှာ နိုဝင်ဘာ ၂၀ ရက်ကနေ ၂၄ ရက်အထိ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်ခဲ့ပြီး နိုဝင်ဘာ ၂၄ ရက် မနက်အစောပိုင်းမှာ လိုင်လင်းပီမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF) က ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရ လူမှုရေး၀န်ကြီး ဦးကျော်စိုး၀င်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
နို၀င်ဘာ ၁၅ ရက်နေ့ကလည်း ဖလမ်းမြို့နယ်၊ သီးဘွာလ်ရွာက စစ်ကောင်စီတပ်စခန်းကို ချင်းအမျိုးသား ကာကွယ်ရေးတပ် (CNDF) က သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား သုံးဆယ်ကျော် အိန္ဒိယနိုင်ငံဘက်ကို လက်နက်ခိုလှုံခဲ့တယ်လို့ (CNDF) က ပြောပါတယ်။
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ် မြို့သိမ်းတိုက်ပွဲအတွင်းကလည်း နိုဝင်ဘာ ၁၃ ရက်နေ့က အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံသွားတဲ့ စစ်ကောင်စီတပ်သား လေးဆယ်ကျော်ကို နိုဝင်ဘာ ၁၄ ရက်နေ့မှာ မိုးရေးမြို့ကတစ်ဆင့် မြန်မာနိုင်ငံ၊ တမူးမြို့ကို လွှဲပြောင်းပေးခဲ့ပါတယ်။