ခုခံစစ် သုံးနှစ်အတွင်း စစ်ကောင်စီ အင်အားချည့်နဲ့လာကြောင်း NUG ယာယီသမ္မတပြော
2024.09.07
စစ်ကောင်စီကို စစ်ကြေညာခဲ့တဲ့ ပြည်သူ့ခုခံတွန်းလှန်စစ်ဟာ စက်တင်ဘာလ ၇ ရက်နေ့မှာ သုံးနှစ်ပြည့်ခဲ့ပြီး ဒီကာလအတွင်း စစ်ကောင်စီရဲ့ မြေပြင်ကြည်းတပ်အင်အားတွေ ယိုင်နဲ့ ပြိုဆင်းလာပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလရဲ့ ဒီနေ့ပြောဆိုတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုပါတယ်။
"ခုခံတော်လှန်စစ်အတွင်းမှာ စစ်ကောင်စီဟာ မြေပြင်ကြည်းတပ်အင်အား ယိုင်နဲ့ပြိုဆင်းပြီး တအိအိ ပြိုကျနေတာဟာ အထင်အရှား ဖြစ်တယ်။ ဒါ့ကြောင့်လည်း အရပ်သားပစ်မှတ်တွေကို ဦးတည်ပြီး လေကြောင်းအင်အားကို အဓိကထားပြီး၊ စစ်ကောင်စီဟာ ၎င်းတို့ရဲ့ အရှုံးကို ဖာထေးဖို့ ကြိုးစားနေခြင်းဖြစ်တယ်။ စစ်ကောင်စီဟာ လူထုရဲ့ အသက်နဲ့ ခန္ဓာကို စတေးပြီး ၎င်းတို့ရဲ့ အာဏာအဆောက်အအုံကို မြဲမြံစေရေးအတွက် အသုံးချနေတာကို တွေ့ရတယ်"
ဒီသုံးနှစ်အတွင်းမှာ ခုခံစစ်ကနေ မဟာဗျူဟာမြောက်ထိုးစစ်ကို ကူးပြောင်းလာနိုင်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း လွတ်မြောက်ဒေသနဲ့ ထိန်းချုပ်နယ်မြေတွေကို ဖော်ဆောင်လာနိုင်တယ်လို့ သူက ပြောပါတယ်။ ဒီအပြင် တိုင်းရင်းသားအင်အားစုတွေရဲ့ စစ်ရေးမဟာမိတ် တပ်ပေါင်းစုတိုက်ပွဲတွေကို ကျယ်ပြန့်စွာ လုပ်လာနိုင်ပြီလို့လည်း ဆိုပါတယ်။
စစ်ကောင်စီကတော့ သူတို့ရဲ့ အာဏာကို လက်မလွှတ်ရရေးအတွက် လေကြောင်းတိုက်ခိုက်မှုကို အဓိကအားကိုးလာပြီး ပြည်သူလူထုကို ပစ်မှတ်ထားလာတယ်လို့ NUG ယာယီသမ္မတက ပြောပါတယ်။
ဒီပြောဆိုချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ သိမ်းယူထားတဲ့ နယ်မြေတွေ ပြန်လည်ရရှိဖို့ လိုအပ်တာတွေ တုံ့ပြန်ဆောင်ရွက်သွားမယ်လို့ စက်တင်ဘာလ ၃ ရက်နေ့က ရှမ်းပြည်နယ် တောင်ကြီးမြို့က တွေ့ဆုံပွဲတစ်ခုမှာ ပြောပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက် ခုနစ်လကျော်အကြာ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့မှာ စစ်ကောင်စီကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခုခံတွန်းလှန်စစ် စတင်ဆင်ဆင်နွှဲကြောင်း NUG က ကြေညာခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံတကာ မြန်မာ့သတင်းဌာန (BNI – Myanmar Peace Monitor) ရဲ့ ဩဂုတ်လ ၂၈ ရက်နေ့ ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်းက မြို့ပေါင်း ၇၆ မြို့ကို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေက ထိန်းချုပ်ထားတယ်လို့ ဖော်ပြထားပါတယ်။