အိန္ဒိယမှာ ဖမ်းဆီးခံရတဲ့ မြန်မာစစ်ဘေးဒုက္ခသည်နှစ်ဦး အာမခံနဲ့ ပြန်လွတ်လာ

RFA Burmese
2023.09.30
အိန္ဒိယမှာ ဖမ်းဆီးခံရတဲ့ မြန်မာစစ်ဘေးဒုက္ခသည်နှစ်ဦး အာမခံနဲ့ ပြန်လွတ်လာ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ်နှင့် မြန်မာနိုင်ငံ နယ်စပ်တစ်နေရာကို ၂၀၂၁ ခုနှစ်၊ မတ် ၁၅ ရက်နေ့က တွေ့ရစဉ်။
SAJJAD HUSSAIN / AFP

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်မှာ အင်ဖာအကျဉ်းထောင်မှာ ဖမ်းဆီးခဲ့ရတဲ့ မြန်မာဒုက္ခသည်နှစ်ဦး စက်တင်ဘာ ၂၇ ရက်က အာမခံနဲ့ ပြန်လွတ်လာခဲ့တယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

ပြန်လွတ်လာသူနှစ်ဦးဟာ မြန်မာနိုင်ငံ တမူးမြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလက မဏိပူရ်ပြည်နယ်၊ မိုးရေးမြို့နယ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့တာပါ။ အဲဒီဖေဖော်ဝါရီလမှာပဲ ဖမ်းဆီးခံလိုက်ရပါတယ်။

သူတို့နှစ်ဦး အာမခံချက်ရဖို့အတွက် အိန္ဒိယရှေ့နေကို ရူပီးငွေ သုံးသိန်းပေးခဲ့ရတယ်လို့ ကူညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။

"မဏိပူရ်မှာ သူတို့လူမျိုးရေးပြသနာမဖြစ်ခင် အချိန်တုန်းကဆို ရှေ့နေငှားခက အဲလောက်မကုန်ဘူး။ အခုသူတို့ပြည်နယ်က ပြဿနာကြောင့်လည်းပါတယ်။ စစ်ရှောင်တွေက ပိုက်ဆံ အဲလောက်ဘယ်ရှိကြမလဲ။ ရူပီး သုံးသိန်းဆိုတာ မြန်မာငွေနဲ့ဆို ရာကျော်တယ်လေ။ ဘယ်တတ်နိုင်ကြမလဲ စစ်ရှောင်တွေက။ အခု လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ဖမ်းတာ။ သူတို့ဥပဒေအရ ခြောက်လအထိပဲ ဖမ်းခွင့်ရှိတယ်။ ခြောက်လ ပြည့်တာနဲ့ သူတို့နိုင်ငံကို ပြန်လွှဲရမှာ။ အခုက ရှစ်လပြည့်နေပြီ"

ပြန်လွတ်လာတဲ့နှစ်ဦးဟာ မဏိပူရ်ပြည်နယ်မှာပဲ ရှိနေသေးတဲ့အတွက် သူတို့လုံခြုံရေး ကြောင့် နာမည်နဲ့ အသက်တွေကို ပြောပြလို့မရဘူးလို့ ကူညီပေးနေသူတွေက ပြောပါတယ်။

အိန္ဒိယ - မြန်မာနယ်စပ် မဏိပူရ်ပြည်နယ်ထဲက မြန်မာဒုက္ခသည် နှစ်ရာကျော်ကို မဏိပူရ်ပြည်နယ်အစိုးရက လူဝင်မှုကြီးကြပ်ရေးဥပဒေကို ချိုးဖောက်လို့ဆိုပြီး ဖမ်းဆီးထားတယ်လို့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

လက်ရှိမှာ အင်ဖာအကျဉ်းထောင်ထဲမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၅၅ ဦးရှိပြီး လမ်ကား (Lam Kaa) အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၁၅၀ ကျော်ရှိတယ်လို့ မြန်မာစစ်ဘေးဒုက္ခသည် အရေးဆောင်ရွက်နေတဲ့ ဦးထန်စိန်က ပြောပါတယ်။

ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ ပြောဆိုချက်အရ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နဲ့ မဏိပူရ်ပြည်နယ်မှာ ထွက်ပြေး ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် ခြောက်သောင်းရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။