ဇွန်လအတွင်း တရုတ်ကို ဆန်တန်ချိန်တစ်သောင်း တင်ပို့မည်
2019.06.02
တရုတ်နိုင်ငံကို အခုဇွန်လအတွင်း ပထမဆုံးအကြိမ် ပုဂ္ဂလိက ကုမ္ပဏီအချင်းချင်း တရားဝင် ဆန်တန်ချိန် တစ်သောင်း တင်ပို့သွားနိုင်မယ့် သဘောတူညီမှုရရှိခဲ့တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ စိုးထွန်း က ပြောပါတယ်။
မူဆယ်မှာ ပိတ်မိနေတဲ့ ဧည့်မထဆန် အမျိုးအစား တန်ချိန် တစ်သောင်း တင်ပို့နိုင်ဖို့အတွက် မြန်မာနိုင်ငံဘက်က ရှမ်းအရှေ့မြောက် အမျာပိုင်ကုမ္ပဏီနဲ့ ယူနန်ပြည်နယ်က ရွှေချိုက်ကုမ္ပဏီတို့က သဘောတူလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ ရွှေချိုက်ကုမ္ပဏီအနေနဲ့ တရုတ်နိုင်ငံအစိုးရထံကနေ ဆန်တင်သွင်းခွင့် လျှောက်ရမှာဖြစ်ပြီး တင်သွင်းခွင့်မရခဲ့ရင် စာချုပ်ကို ဖျက်မှာဖြစ်သလို ဆန်အရည်အသွေးကိုလည်း လာရောက်စစ်ဆေးဦးမှာဖြစ်တယ်လို့ ဒေါက်တာ စိုးထွန်း က ပြောပါတယ်။
အဲဒါတွေ အဆင်ပြေခဲ့ရင်တော့ ဆန်တန်ချိန် တစ်သောင်းအပြင် နောက်ထပ်လည်း ထပ်မံ တင်ပို့နိုင်ဖို့အတွက်လည်း အဆင်ပြေသွားမှာဖြစ်တယ်လို့ သိရပါတယ်။
တရုတ်နယ်စပ်မှာ ပိတ်မိနေတဲ့ မြန်မာ့ဆန်တွေ အမြန်ဆုံး ပြန်လည်တင်ပို့နိုင်ရေးအတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က တာဝန်ရှိသူတွေ တရုတ်ပြည်နိုင်ငံ ယူနန်အစိုးရနဲ့ ကူမင်းမြို့မှာ မေလကုန်က ဆွေးနွေးခဲ့ကြပြီး အခုလို တရားဝင်တင်ပို့ခွင့်ရရှိဖို့ သဘောတူခဲ့တာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ ပြည်ပဆန် တင်ပို့မှုအနေနဲ့ တရုတ်နိုင်ငံကို အဓိက အားကိုးနေရတာဖြစ်ပြီး နှစ်စဉ် နယ်စပ်ကုန်သွယ်မှုကနေတစ်ဆင့် တရုတ်ပြည်တွင်းကို တရားဝင် တင်ပို့နေတာဖြစ်ပေမယ့် တရုတ်ပြည်တွင်းဘက်ကတော့ တရားဝင် ခွင့်မပြုထားပါဘူး။
မြန်မာနိုင်ငံက ဆန်ကို အဓိက ဝယ်ယူနေတဲ့ တရုတ်နိုင်ငံဘက်က နယ်စယ်ဆန် တင်ပို့မှုအားလုံးကို ပိတ်ထားတာ ငါးလကျော်ကြာမြင့်ပြီဖြစ်ပြီး မြန်မာ့ပြည်ပဆန် တင်ပို့မှုလည်း ၈၀ ရာခိုင်နှုန်း လျော့ကျသွားတယ်လို့ သိရပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ပြည်ခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံရဲ့ ဆန်တန်ချိန် တစ်သိန်း တရားဝင် တင်ပို့နိုင်ဖို့အတွက် MOU စာချုပ်လက်မှတ်ရေးထိုးခဲ့ပါတယ်။
လက်ရှိ မူဆယ်မှာ ဆန်အိတ် ဆယ်သိန်းလောက် ပိတ်မိနေတယ်လို့ မူဆယ်မှာရှိတဲ့ ကုန်သည်တွေထံက သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့တာပါ။