အချိန်တို ကျောင်းတက်ရောက်သူများ Passport သက်တမ်းတိုးပေးမှာ မဟုတ်လို့ မြန်မာသံရုံး ထုတ်ပြန်
2024.09.12
ထိုင်းနိုင်ငံရှိ တက္ကသိုလ်တွေမှာ ပညာသင်ကြားနေတဲ့ ကာလတို မြန်မာကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ Passport for Education (PE) type နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတာတွေ ပြုလုပ်ပေးတော့မှာ မဟုတ်ဘူးလို့ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက ဒီကနေ့ စက်တင်ဘာ (၁၂) ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံက ကျောင်းသား၊ ကျောင်းသူတွေ ထိုင်းနိုင်ငံသို့ ထိုင်းဘာသာစကား (ကာလတို) (Certificate Program in Thai Language) နဲ့ ဆရာများအတွက် အင်္ဂလိပ်စာသင်တန်း Non – ED visa ရပြီး virtual format ပုံစံနဲ့ တက်ရောက်တဲ့ ကျောင်းသား၊ ကျောင်းသူ အလွန်များပြားလာတဲ့အတွက် စက်တင်ဘာ ၁၆ ရက်နေ့ကပြီး PE type နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတာတွေ မြန်မာသံရုံး၊ ဘန်ကောက်မြို့ နဲ့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ချင်းမိုင်မြို့တွေမှာ ဆောင်ရွက်ပေးတော့မှာ မဟုတ်ဘူးလို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။
ထိုင်းနိုင်ငံရှိ တက္ကသိုလ်တွေ ဘွဲ့ကြို၊ ဘွဲ့လွန် (undergraduate Postgraduate) ကာလရှည် တက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေ နဲ့ Primary Secondary တက်ရောက်နေကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို Passport for Education (PE) လဲလှယ်ခြင်းတွေကိုတော့ ယခင်အတိုင်း ဆက်လက်ဆောင်ရွက်ပေးသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။