တရားမဝင် လက်နက်ကုန်သွယ်မှု ပပျောက်ဖို့ မြန်မာနဲ့ ထိုင်း ဆွေးနွေး
2023.04.22

တရားမဝင် လက်နက်ကုန်သွယ်မှုအပါအဝင် လူကုန်ကူးမှုနဲ့ မူးယစ်ဆေးဝါးကုန်သွယ်မှု ပပျောက်ဖို့ စစ်ကောင်စီ ဥက္ကဋ္ဌနဲ့ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Mr. Don Pramudwinai တို့ ဧပြီလ ၂၁ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။
တွေ့ဆုံမှုအတွင်း တရားမဝင်လက်နက်၊ မူးယစ်နဲ့ လူကုန်ကူးမှုတွေကို ဘယ်လိုအစီအစဉ် တွေနဲ့ ပပျောက်အောင် လုပ်မလဲဆိုတာတော့ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာ အသေးစိတ် မဖော်ပြထားပါဘူး။
ထိုင်းဒုဝန်ကြီးချုပ်နဲ့ တွေ့ဆုံမှုမှာ စစ်ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကိုကိုလှိုင်တို့ ပါဝင်ပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ကောင်စီဟာ PDF တွေကို အပြင်းအထန် ထိုးစစ်ဆင်နေသလို လက်နက်ခဲယမ်း အဓိကဝင်နေတဲ့ လမ်းကြောင်းကိုပါ တားဆီးဖို့ ကြိုးစားနေတာလို့ RFA ကို ပြောပါတယ်။
ဒါပေမဲ့ စစ်ကောင်စီရဲ့ အဲဒီအစီအစဉ်ဟာ တရားမဝင်လက်နက်ကုန်သွယ်မှုကို တားဆီး နိုင်မှာ မဟုတ်ဘူးလို့ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
“စစ်ကောင်စီက ထိုင်းဘက်ကနေ လက်နက်တွေလာနေတယ်လို့ ယူဆထားတယ်။ အဲဒီအတွက်ကြောင့် ထိုင်းအစိုးရကနေတစ်ဆင့် လက်နက်လမ်းကြောင်းကို တားဆီးဖို့လုပ်နေတာပါ။ PDF တွေဆီ ဝင်လာနေ တဲ့ လက်နက်လမ်းကြောင်းကို ထိုင်းနိုင်ငံအနေနဲ့ လုံးဝပိတ်ပင်တားဆီးလို့ ရမှာမဟုတ်ပါဘူး။ နောက်တစ်ချက်က မြန်မာနိုင်ငံရဲ့ အရှေ့မြောက်ဒေသကနေ တရားမဝင် ဝင်နေတဲ့ လက်နက်တွေလည်း ရှိနေတာပဲ”
စစ်ရေးအကဲခတ်တွေကလည်း စစ်ကောင်စီကို လက်နက်ကိုင်ခုခံတော်လှန်နေတဲ့ လက်နက်ခဲယမ်းတွေ ထိုင်း-မြန်မာ နယ်စပ်ကနေတစ်ဆင့် ပြည်တွင်းထဲ ရောက်နေတယ် လို့ စစ်ကောင်စီဘက်က ယူဆထားပုံ ရကြောင်း ပြောကြပါတယ်။
ဧပြီလအစောပိုင်းက ထိုင်းနဲ့ မြန်မာနယ်စပ်တစ်လျှောက်မှာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့၊ PDF ပူးပေါင်း တပ်နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး မြန်မာ စစ်ဘေးဒုက္ခသည်တွေလည်း ထိုင်းနိုင်ငံဘက်အခြမ်းကို ထွက်ပြေးခဲ့ရပါတယ်။