မြန်မာ့သင်္ကြန် ယူနက်စကိုရဲ့ ဒြပ်မဲ့ယဉ်ကျေးမှု ပဏာမစာရင်းမှာ ပါဝင်လာ
2024.11.06
မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ယူနက်စကိုရဲ့ ပဏာမစာရင်းမှာ ပါဝင်လာကြောင်း စစ်ကောင်စီ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက် ဦးစီးဌာနက နိုဝင်ဘာလ ၆ ရက်နေ့က ဖော်ပြပါတယ်။
စစ်ကောင်စီက မြန်မာ့ရိုးရာသင်္ကြန်ကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် အသိအမှတ်ပြုဖို့ ကုလသမဂ္ဂယူနက်စကို ၂၀၂၃ ခုနှစ်၊ မတ်လက တင်ပြထားတာ ဖြစ်ပါတယ်။
လက်ရှိမှာ ပဏာမစာရင်းမှာ ဦးစွာပါဝင်လာတာဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်က ၇ ရက်နေ့အထိ ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့မှာ ကျင်းပမဲ့ (၁၉) ကြိမ်မြောက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ညီလာခံမှာ တရားဝင်ဆုံးဖြတ်သွားဖို့ ရှိနေတာပါ။
ထိုင်းနိုင်ငံရဲ့ မဟာဆုန်ကရန် လို့ခေါ်တဲ့ သင်္ကြန်ပွဲတော်ကိုတော့ ယူနက်စ်ကိုက ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့မှာ အတည်ပြု ကြေညာထားပြီးဖြစ်ပါတယ်။ လက်ရှိမှာ ဆုန်ကရန်ပွဲတော်ကို ဉာဏမူပိုင်ခွင့်တင်ဖို့ ထိုင်းနိုင်ငံက ကြိုးပမ်းနေပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂ဝ ခုနှစ်ကစလို့ ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုကြောင့် သင်္ကြန်ပွဲတော်ကို အရင်လောက် စည်ကားအောင် မကျင်းပနိုင်တာ ငါးနှစ်ခန့်ရှိလာပြီလို့ ဆိုကြပါတယ်။