လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး အမေရိကန် ဆွေးနွေးမည်
2023.08.02

မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကုလလုံခြုံရေးကောင်စီမှာ ဆွေးနွေးသွားဖို့ရှိတယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါ သောမတ်စ် ဂရင်းဖီးလ်က ပြောလိုက်ပါတယ်။
ကုလလုံခြုံရေးကောင်စီမှာ ဒီဩဂုတ်လကို အမေရိကန်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူသွားမှာဖြစ်ပြီး ဒီလအတွင်း ဦးစားပေးလုပ်မဲ့ အကြောင်းအရာတွေကို မနေ့က သတင်းထောက်တွေကို ရှင်းပြပြောဆိုခဲ့တာပါ။
မြန်မာအပါအဝင် ယူကရိန်း၊ ဆူဒန်၊ ယီမင်နိုင်ငံတွေမှာ လတ်တလောကြုံနေရတဲ့ ပဋိပက္ခတွေအတွင်း လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ကိစ္စရပ်တွေကို စိုးရိမ်ပူပန်တယ်လို့ ဆိုပါတယ်။
သက်ဆိုင်တဲ့နိုင်ငံတွေက အရပ်ဖက်အဖွဲ့တွေကိုဖိတ်ပြီး လုံခြုံရေးကောင်စီမှာ ဒီလူ့အခွင့်အရေးချိုးဖောက်မှုတွေအကြောင်း အမေရိကန်က ဦးဆောင်ပြီး အလေးပေး ဆွေးနွေးသွားဖို့ရှိပါတယ်။
လုံခြုံရေးကောင်စီက မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်တစ်စောင် ပြီးခဲ့တဲ့နှစ်ကတည်းက ထုတ်ပြန်ထားပေမဲ့ စစ်ကောင်စီဘက်က အဲဒီဆုံးဖြတ်ချက်မှာပါတာတွေကို လိုက်နာဆောင်ရွက်ခြင်းမရှိဘူးလို့ မြန်မာ့အရေးလှုပ်ရှားသူတွေက ထောက်ပြနေပါတယ်။