မြန်မာစစ်ကောင်စီလက်နက်ထုတ်နိုင်ဖို့ အိန္ဒိယကုမ္ပဏီ ပံ့ပိုးနေ
2023.01.19

ကပစလို့ အတိုကောက်ခေါ်တဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး စက်ရုံတွေကနေ မြန်မာစစ်ကောင်စီတပ် လက်နက်တွေ ထုတ်လုပ်နိုင်ဖို့ အိန္ဒိယနိုင်ငံက Tonbo Imaging ကုမ္ပဏီက ပံ့ပိုးကူညီနေတယ်လို့ မြန်မာစစ်တပ်နဲ့စီးပွားရေးချိတ်ဆက်လုပ်ကိုင်နေသူတွေကို သုတေသနလုပ် ဖော်ထုတ်နေတဲ့ Justice for Myanmar က ဇန်နဝါရီလ ၁၉ ရက်နေ့က ပြောကြားလိုက်ပါတယ်။
အာရှ၊ ဥရောပနဲ့ မြောက်အမေရိကက အနည်းဆုံး ၁၃ နိုင်ငံက အထောက်အပံ့နဲ့ မြန်မာစစ်တပ်က ပြည်တွင်းမှာလက်နက်ထုတ်လုပ်နေတယ်လို့ ကုလသမဂ္ဂအရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာအကြံပေးကောင်စီ(SAC-M)က မကြာခင်က ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ထုတ်ခဲ့ပါတယ်။ အဲဒီအစီရင်ခံစာမှာ Tonbo Imaging ကုမ္ပဏီကိုပါ ဖော်ပြထားတာပါ။

အိန္ဒိယ Tonbo Imaging ကုမ္ပဏီဟာ စင်ကာပူမှာ ရုံးခန်းဖွင့်ထားပြီး စစ်ကောင်စီသုံးနေတဲ့ ရိုင်ဖယ်သေနတ်တွေမှာ သုံးတဲ့ အဝေးကြည့်မှန်ပြောင်း Ek long-range thermal sights တင်ပို့တယ်လို့ ပြောတယ်။ Tonbo Imaging ကုမ္ပဏီဟာ လစ်သူနီးယားနိုင်ငံမှာ သုတေသနနဲ့ ဖွံ့ဖြိုးရေးဌာနထားရှိတယ်လို့လည်း ပြောပါတယ်။ အမေရိကန် Duke University က ပါမောက္ခ David Brady က အဲဒီဌာနက အကြံပေးအဖွဲ့မှာ ပါရှိတယ်လို့လည်း ပြောပါတယ်။
ဒါကြောင့် အမေရိကန်ပြည်ထောင်စုနဲ့ လစ်သူနီးယားနိုင်ငံ အစိုးရတွေအနေနဲ့ လူတစ်ဦးချင်း ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းတွေက သူတို့ ပိုင်နက်မြေကနေ မြန်မာစစ်ကောင်စီလက်နက်ထုတ်လုပ်နိုင်အောင် ပံ့ပိုးကူညီနေတာကို စုံစမ်းသင့်တယ်လို့ Justice for Myanmar က တိုက်တွန်းလိုက်ပါတယ်။