ပြည်ပရောက် အလုပ်သမားတွေ လုပ်ခလစာလွှဲဖို့ စစ်ကောင်စီ ဖိအားပေး
2024.09.06
ပြည်ပရောက် အလုပ်သမားတွေရဲ့ လုပ်ခလစာ ၂၅ ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းက မလွှဲရင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမပေးဘဲ ပြည်ပထွက်ခွင့် ပိတ်မယ်လို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက စက်တင်ဘာလ ၆ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ဒီ့အပြင် အလုပ်သမားတွေကို ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) လည်း ထုတ်မပေးဘူးလို့ ဆိုပါတယ်။
ဗီယက်နမ်နိုင်ငံမှာရောက်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားဖြစ်သူ မမိုးမိုးကတော့ စစ်ကောင်စီရဲ့ ဒီထုတ်ပြန်ချက်ဟာ အလုပ်သမား အားလုံးကို ဖိအားပေးတာလို့ RFA ကို ပြောပါတယ်။
"ဒီထုတ်ပြန်ချက်က ကျွန်မတို့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေအတွက် လုံးဝအဆင်မပြေပါဘူး။ ကျွန်မတို့ ချွေးသွေးတွေနဲ့ လုပ်ကိုင်ပြီးရလာတဲ့ လစာငွေကြေးပါ။ မပြေလည်မှုတွေအတွက်ကြောင့်သာ နိုင်ငံရပ်ခြားလာပြီး အလုပ်လုပ်နေကြရတဲ့ သူတွေချည်းပါပဲ။ အခုလို ရုန်းကန်ပြီး ကြိုးစားကြရတဲ့ မြန်မာပြည်သူတွေအပေါ် ဒီလိုအဓိပ္ပါယ်မရှိ ထုတ်ပြန်ချက်တွေနဲ့ ခေါင်းပုံဖြတ်မှုတွေက အရမ်းကို အကျည်းတန်လွန်းပါတယ်"
စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာ ပြည်ပရောက် မြန်မာအလုပ်သမားတွေအနေနဲ့ လစာရဲ့ ၂၅ ရာခိုင်နှုန်းကို ဘဏ်တွေကနေတစ်ဆင့် တစ်လတစ်ကြိမ် လုပ်ခလစာရဲ့ ၂၅ ရာခိုင်နှုန်း၊ ဒါမှမဟုတ် အများဆုံး သုံးလတစ်ကြိမ် သုံးလစာပေါင်း ၂၅ ရာခိုင်နှုန်းကို မိသားစုဝင်တွေဆီ လွှဲပေးရမယ်လို့ ဖော်ပြထားပါတယ်။
မိသားစုဆီ မလွှဲချင်ရင်လည်း မြန်မာနိုင်ငံမှာ ဖွင့်ထားတဲ့ မိမိရဲ့ ဘဏ်ကောင့်ထဲကို လွှဲပေးရမယ်လို့ ဆိုပါတယ်။
ဗဟိုဘဏ်က တားမြစ်ထားတဲ့ တရားမဝင် ဟွန်ဒီစနစ်နဲ့ ငွေမလွှဲဖို့ သတိပေးထားသလို လစဉ် တရားဝင်ဘဏ်တွေကနေ လွှဲထားတဲ့ အထောက်အထား စာရွက်စာတမ်းတွေကို ပြည်ပမထွက်ခင် တာဝန်ယူစေလွှတ်တဲ့ အေဂျင်စီတွေဆီ မပျက်မကွက် မိတ္တူတစ်စောင် ပေးပို့ရမှာပါ။
စစ်ကောင်စီ တားမြစ်ထားတဲ့ ဟွန်ဒီကနေ ငွေမလွှဲဘဲ တရားဝင်ဘဏ်စနစ်နဲ့ ငွေလွှဲရင် အပြင်ပေါက်စျေးမရဘဲ ဘဏ်သတ်မှတ်ငွေလဲနှုန်းတွေကြောင့် နစ်နာမှုတွေရှိတယ်လို့ ပြည်ပရောက် မြန်မာအလုပ်သမားတွေက ပြောပါတယ်။
ကိုရီးယားနိုင်ငံကို နှစ်နိုင်ငံ သဘောတူညီချက် MOU နဲ့ ရောက်နေတဲ့ အလုပ်သမားတစ်ဦးကတော့ ငွေလဲနှုန်းကွာနေတာကြောင့် တရားဝင်ဘဏ်ကနေ လွှဲဖို့အခက်အခဲရှိတယ်လို့ RFA ကို ပြောပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်းနဲ့ မညီသလို ဖိအားပေးခြိမ်းခြောက်တဲ့ စာလည်းဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အလုပ်သမား ဒုတိယဝန်ကြီး ဦးကျော်နီက RFA ကို ပြောပါတယ်။
ဒီညွှန်ကြားချက်ဟာ ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေနဲ့မညီညွတ်ဘဲ ဥပဒေကျော်လွန်ပြီး အကျပ်ကိုင်ဆောင်ရွက်နေတာလို့လည်း NUG က ဝေဖန်ထောက်ပြပါတယ်၊
စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ကစလို့ ပြည်ပရောက် မြန်မာတွေရဲ့ ရရှိတဲ့လစာဝင်ငွေအပေါ် မူတည်ပြီး ဝင်ငွေခွန်စည်းကြပ် ကောက်ခံမယ်လို့ ကြေညာထားပါတယ်။