မြောင်မြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး မီးရှို့နေ
2025.03.12

စစ်ကိုင်းတိုင်း မြောင်မြို့နယ်ပန်းညိုရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး မတ်လ ၁၂ ညနေမှာ ရွာလုံးကျွတ်မီးရှို့နေတယ်လို့ ဒေသအခြေစိုက် ကာကွယ်ရေးတပ်က ပြောပါတယ်။
စစ်ကောင်စီရဲ့ ပခုက္ကူအခြေစိုက် အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ်က အင်အားနှစ်ရာကျော်နဲ့ ကုန်းကြောင်းရော ရေကြောင်းကပါ ဝင်ရောက်စီးနင်း မီးရှို့နေတာလို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ (CDSOM) တာဝန်ခံ ကိုနွေဦးက ပြောပါတယ်။
“ရေတပ်၊ ကြည်းတပ် နှစ်ဖက်ညှပ်ပြီး ၁၁ ရက်နေ့ညနေက ပန်းညိုရွာကို ဝင်လာတာပါ၊ ဒီနေ့ညနေ ၄ နာရီလောက်ကစပြီး ရွာလုံးကျွတ်နီးပါး မီးရှို့နေကြတယ်၊ ဒီရွာက ရွာခံတွေနဲ့ မြင်းခြံမြို့နယ်ဘက်က ရွာတွေက စစ်ဘေးရှောင်လာတဲ့ ဒုက္ခသည်တွေ လာရှောင်နေတဲ့ရွာဖြစ်တယ်၊ ရွာခံတွေနဲ့ စစ်ဘေးရှောင်တွေအတွက် စိတ်မကောင်းဖြစ်ရတာပေါ့”
ပန်းညိုရွာ ရွာခံတွေနဲ့ စစ်ဘေးရှောင်တွေကို မတ်လ ၁၀ ရက်နေ့ကတည်းက ဘေးလွတ်ရာကို ကြိုတင်ပြောင်းရွှေ့ထားတယ်လို့ ပြောပါတယ်။
အိမ်ခြေ လေးရာကျော်ရှိတဲ့ ပန်းညိုရွာကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်တွေကလည်း စစ်ကြောင်းထိုးဝင်ရောက်ပြီး နှစ်ကြိမ်မီးရှို့ခဲ့တာကြောင့် အိမ်ခြေ နှစ်ရာကျော် မီးလောင်ပျက်စီးခဲ့တယ်လို့လည်း ပြောပါတယ်။
ပန်းညိုရွာကို စစ်ကြောင်းထိုး မီးရှို့နေတာနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ပြီးခဲ့တဲ့ မတ်လ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသက မြေစွန်းတော်ရွာကို ပခုက္ကူအခြေစိုက် အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ်နဲ့ ရေစကြိုမြို့က ခမရ (၂၅၆)၊ (၂၅၇)၊ (၂၅၈) တပ်ရင်းက စစ်သား အင်အားနှစ်ရာကျော်က စစ်ကြောင်းထိုးဝင်းရောက် မီးရှို့ခဲ့တဲ့အပြင် ဒေသခံ ၁၁ ဦးကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို မတ်လ ၁၀ ရက်နေ့က ပြောပါတယ်။
ဒါ့အပြင် အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့ မြေစွန်းတော်ရွာက အိမ် ၂၆၀ ကျော်၊ ဇရပ်နီနဲ့ သာဂေါင်ရွာက အိမ်နှစ်ရာကျော် စုစုပေါင်း အိမ်ငါးရာကျော် မီးရှို့ခံခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းကြောင့် မကွေးတိုင်း ရေစကြိုမြို့နယ်နဲ့ စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာရှိတဲ့ ရွာပေါင်း ၁၆ ရွာခန့်က ဒေသခံ နှစ်သောင်းကျော် ထွက်ပြေးနေရပြီး အကူအညီတွေလိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar က ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းခဲ့ချိန်ကနေ ၂၀၂၄ ခုနှစ်ကုန်အထိ လေးနှစ်နီးပါးကာလအတွင်း နိုင်ငံတစ်ဝန်း မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်ပေါင်း တစ်သိန်းတစ်သောင်းကျော် (၁၁၂,၄၈၅ လုံး) ရှိတယ်လို့ ဖော်ပြထားပါတယ်။