မြဝတီခရိုင်ရဲတပ်ဖွဲ့ရုံးတိုက်ခိုက်ခံရပြီး ယာယီတပ်ရင်းမှူးအပါအဝင် ငါးဦးသေဆုံး
2023.09.04
ကရင်ပြည်နယ်၊ မြဝတီမြို့က မြဝတီခရိုင် ရဲတပ်ဖွဲ့မှူးရုံးကို ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ KNLA နဲ့ ပူးပေါင်းတပ်တွေက စက်တင်ဘာလ ၃ ရက် မနေ့ည ၇ နာရီဝန်းကျင်မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဒရုန်းနဲ့ ဗုံးသီးလေးလုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း မြဝတီခရိုင် အုပ်ချုပ်ရေးမှူး၊ ခလရ ၂၇၅ ယာယီတပ်ရင်းမှူးတို့ အပါအဝင် ငါးဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့သူတွေက RFA ကို ပြောပါတယ်။
သေဆုံးသူတွေကတော့ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ခရိုင်ထွေအုပ် ဦးစီးမှူး ဦးထွန်းထွန်းညိမ်း၊ စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ ၂၇၅ ယာယီတပ်ရင်းမှူး ဗိုလ်မှူးအောင်ကျော်မင်း၊ ယာဉ်ထိန်းရဲအုပ်နေလင်းစိုးနဲ့ ထွေအုပ်ရုံးစာရေး ဦးပြည့်ဖြိုးအောင်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။
"နောက်ထပ်တစ်ကြိမ် ထပ်ပြီးတော့ ထပ်ကြဲတဲ့အခါ တာဝန်ရှိသူတွေ ထိခိုက်သေဆုံးတာပါ"
ဒီအပြင် မြဝတီခရိုင်ရဲမှူး ဒုရဲမှူးကြီးအောင်ထက်ဝင်း နဲ့ ခရိုင်ဒုရဲမှူး မျိုးဝင်း အပါအဝင် ရဲအရာရှိ နဲ့ ရဲတပ်သား စုစုပေါင်း ၁၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
KNLA ပူးပေါင်းတပ်တွေက မနေ့ညနေ ၆ နာရီကျော်မှာ ဒရုန်းနဲ့ ဗုံးနှစ်လုံးကြဲချ တိုက်ခိုက် ချိန်မှာ လူထိခိုက်မှုမရှိပေမယ့် အဲဒီတိုက်ခိုက်မှုဖြစ်ပွားရာနေရာကို အရာရှိတွေ လာရောက် စစ်ဆေးနေချိန် ၇ နာရီကျော်မှာ ဒုတိယအကြိမ် ထပ်မံဗုံးကြဲတိုက်ခိုက်ချိန်မှာ ထိခိုက် ဒဏ်ရာရခဲ့ကြတာဖြစ်တယ်လို့ KNU တပ်မဟာ (၆) က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
စစ်ရေးပစ်မှတ်ကို ထိထိရောက်ရောက်တိုက်ခိုက်တာဖြစ်တယ်လို့ KNLA နဲ့ ပူးပေါင်း လှုပ်ရှားနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တောင်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ဆင်ရေးတာဝန်ခံ ရဲဘော်စောရှားက ပြောပါတယ်။
"ပထမတစ်ကြိမ် ဆောင်ရွက်တယ်။ အဲဒီဆောင်ရွက်ချက်ပေါ် မူတည်ပြီးတော့ သူတို့က လူစုတယ်။ လူစုတဲ့အချိန်မှာ ဒုတိယတစ်ကြိမ် ပြန်ချတယ်။ ပြန်ချတဲ့အချိန်မှာ ပိုပြီး အထိနာသွားတာ။ သေဆုံးတာက စုစုပေါင်း ငါးဦး၊ ခရိုင်အုပ်ချုပ်ရေးမှူး အပါအဝင် ကျဆုံးတာ ငါးဦး၊ ပြင်းထန်ဒဏ်ရာရတာက စုစုပေါင်းငါးဦး၊ သာမန်ဒဏ်ရာ ရတာက ခြောက်ဦးလို့ သိထားတယ်။ ဒီကာလမှာ တိုက်စစ်ကာလဖြစ်တာကြောင့် ရန်သူကိုလည်း အနားမပေးဘူး။ အဓိက ကတော့ မဟာဗျူဟာကျတဲ့ ပစ်မှတ်တွေကိုလည်း ဆောင်ရွက် စေချင်တယ်လို့ ပြောထားတယ်။ အလုပ်လုပ်တဲ့ အခါမှာတော့ မဟာဗျူဟာကျတဲ့ ပစ်မှတ်တွေကို ဆောင်ရွက်ခဲ့တဲ့သဘောပဲ"
အာဏာသိမ်းပြီးနောက်ပိုင်း မြဝတီမြို့ပေါ်မှာ ပထမဆုံးအကြိမ်အဖြစ် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေ အစုလိုက် အပြုံလိုက် ထိခိုက်သေဆုံးခဲ့တာလို့လည်း သူက ပြောပါတယ်။
လူမှုကွန်ရက်မှာ ပေါက်ကြားလာတဲ့ စစ်ကောင်စီရဲတပ်ဖွဲ့ရဲ့ ကြေးနန်းမှာ ဒရုန်းနဲ့ ကြဲချခံ ရတဲ့ ဗုံးသီးတွေဟာ ၆၀ မမ ဗုံးသီးအမျိုးအစားတွေလို့ ဖော်ပြထားပါတယ်။
ကူညီကယ်ဆယ်ရေးလုပ်ခဲ့သူတစ်ဦးကတော့ ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် တွေရဲ့ ရင်ဘတ်၊ ဦးခေါင်းနဲ့ ခြေလက်တွေမှာ ဗုံးစထိမှန်ခဲ့တာလို့ ပြောပါတယ်။
"သေတဲ့ သူတွေကတော့ ရင်ဘတ်တွေ၊ ခေါင်းတွေထိပြီး အဲဒီမှာ ပွဲချင်းပြီးဆုံးတယ်။ ထိခိုက်ဒဏ်ရာ ရတဲ့သူတွေကတော့ ခြေ လက်တွေထိတာ။ အစတွေ စင်တာပေါ့။ အဲဒီလူတွေကတော့ သာမန်ထိခိုက်ဒဏ်ရာ ရသူတွေပေါ့။ ကျည်ထိသလိုပဲ ရင်ဘတ်တွေ ပေါက်ထွက်ကုန်တာ။ အခင်းဖြစ်တဲ့နေရာဆိုတော့လည်း မြန်မြန်ပဲ လူနာတွေကို မြန်မြန်ကောက်ထုတ်ပြီး ဆေးရုံပို့တယ်။ ဆေးရုံနဲ့ နီးတယ်လေ။ ကယ်ဆယ်ရေးက သိပ်မကြာပါဘူး နာရီဝက်လောက်ပါပဲ"
ထိခိုက်ဒဏ်ရာရသူတွေကို မြဝတီခရိုင်ပြည်သူ့ဆေးရုံကို တင်ပို့ခဲ့ရတယ်လို့ သူက ပြောပါတယ်။
အဲဒီထဲက ဒဏ်ရာရသူ ငါးဦးကို စစ်ဆေးရုံကို ပို့ခဲ့ရပြီး ဒဏ်ရာပြင်းထန်တဲ့သူတချို့ကိုတော့ ထိုင်းနိုင်ငံ မဲဆောက်မြို့က ဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ လူမှုကူညီရေးလုပ်ဆောင်ခဲ့သူ နောက်တစ်ဦးက ပြောပါတယ်။
မဲဆောက်မြို့ မယ်ပရပ်ကွက်က အပြည်ပြည်ဆိုင်ရာဆေးရုံမှာ ငါးဦး ဆေးကုသမှုခံယူ နေတယ်လို့ မဲဆောက်မြို့ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ဗမာစစ်တပ်က ရဲမှူးအပါအဝင် တခြားအဆင့် ငါးဦး ဆေးလာကုနေကြတယ်။ ဒီဆေးရုံက ဒီမြို့ရဲ့ အကောင်းဆုံးဆေးရုံလို့ ပြောလို့တယ်။ နိုင်ငံခြားသားတွေရော ကုတာများတယ်။ ပြီးတော့ ဒီနေ့မှာ မဲဆောက်ချစ်ကြည်ရေးတံတားထိပ်ကနေ ဂိတ်ချပြီးတော့ လာသမျှ ကားတွေ ဆိုင်ကယ်တွေကို စစ်ဆေးနေတယ်"
ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
စစ်ကောင်စီရဲ့ ကရင်ပြည်နယ် ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကတော့ ဒီတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ RFA ကို အတည်ပြုပါတယ်။
"ပထမအကြိမ် ပေါက်ကွဲတဲ့ အခါကျတော့ တာဝန်ရှိတဲ့ သူတွေက ထိခိုက်မှုရှိ မရှိ သွားစစ်ဆေးတဲ့ အခါမှာ နောက်ထပ်တစ်ကြိမ် ထပ်ပြီးတော့ ထပ်ကြဲတဲ့အခါ တာဝန်ရှိသူတွေ ထိခိုက်သေဆုံးတာပါ။ အခြေအနေ စိုးရိမ်ရတဲ့ ငါးယောက်ကိုတော့ ဟိုဘက်ကို ပို့ထားတယ်လို့ သိရတယ်။ ကျန်တာကတော့ မြဝတီဆေးရုံကြီးမှာပဲ ကုသပေးနေတယ်"
တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ မြဝတီမြို့မှာတော့ ဒီကနေ့ မနက်ကစပြီး စစ်ကောင်စီတပ်က လုံခြုံရေး တင်းကျပ်စစ်ဆေးတာတွေလုပ်နေတယ်လို့ မြဝတီမြို့ခံတွေက ပြောပါတယ်။
ဒီနှစ် ဇူလိုင်လ ၃၁ ရက်ကလည်း ကရင်ပြည်နယ် ဘားအံမြို့ သံလွင်တံတားစစ်ဆေးရေး ဂိတ်မှာ ဗုံးပေါက်ကွဲခဲ့တာကြောင့် ဂိတ်မှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ ဇူလိုင်လအထိ လက်နက်ကိုင်ခုခံသူတွေရဲ့ တိုက်ခိုက်မှု တွေကြောင့် ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီဝန်ထမ်းတွေအပါအဝင် ၈၀၀ ကျော် သေဆုံးခဲ့ တယ် လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇူလိုင်လ ၃၁ ရက်မှာ ပြုလုပ်ခဲ့တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြောဆိုခဲ့ပါ တယ်။