မြဝတီမှာ ရေကြီးမှုကြောင့် ရပ်ကွက်လေးခုထက်မနည်း ရေနစ်မြုပ်နေ
2024.07.26
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာ ဇူလိုင် ၂၄ ရက်နေ့ကစပြီး မိုးအဆက်မပြတ် ရွာခဲ့တာကြောင့် သောင်ရင်းမြစ်ရေလျှံပြီး မြေအနိမ့်ပိုင်းရပ်ကွက်တွေ ရေကြီးနစ်မြုပ်မှုရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင်လ ၂၅ ရက် မနေ့ညနေကစလို့ မြစ်နဲ့နီးတဲ့ မြေအနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ အမှတ် (၁)၊ အမှတ် (၂)၊ အမှတ် (၃)၊ အမှတ်(၅) စတဲ့ရပ်ကွက်က နေအိမ်တွေ ရေနစ်မြုပ်နေတာပါ။
မြဝတီမြို့ အမှတ် (၁) ရပ်ကွက်မှာတော့ ဒီနေ့ မနက်ကစလို့ ရေကြီးလာလို့ ရွှေ့ပြောင်းဖို့လုပ်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောက်ထပ်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဒီမှာ ရေတွေ တော်တော်တက်နေပြီ။ ကြံခင်းဘုန်းကြီးကျောင်းဝင်းတွေ အကုန်မြုပ်သွားပြီးတော့ ရေတွေက ကားလမ်းမပေါ် ရောက်လာပြီ”
မြို့ပေါ်က လူမှုကူညီရေး အသင်းအဖွဲ့တွေကလည်း တချို့နေရာတွေမှာ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာတော့ မြဝတီမြို့ရဲ့ သောင်ရင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် တစ်ပေခန့် ရောက်နေပြီး နောက်တစ်ရက်အတွင်း သုံးပေခန့် မြင့်တက်လာနိုင်တယ်လို့ အသိပေးထားပါတယ်။