စစ်ကောင်စီတပ် လက်နက်ကြီးကျည်ကျလို့ ဖလူးရွာက စာသင်ကျောင်းပျက်စီး

RFA Burmese
2024.10.01
စစ်ကောင်စီတပ် လက်နက်ကြီးကျည်ကျလို့ ဖလူးရွာက စာသင်ကျောင်းပျက်စီး ကရင်ပြည်နယ် မြဝတီမြို့နယ် ဖလူးကျေးရွာ စာသင်ကျောင်းအား စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ပျက်စီးနေသည်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်မြို့သစ်အနီး စစ်ကောင်စီတပ်စွဲထားတဲ့ စွယ်တော်ကုန်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ဖလူးရွာက စာသင်ကျောင်းနဲ့ အဆောက်အဦတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာလ ၁ ရက် နေ့လယ် ၁ နာရီခွဲလောက်ကစပြီး လက်နက်ကြီးတွေနဲ့ ခုနစ်ကြိမ် ပစ်ခတ်ခဲ့တာဖြစ်ကြောင်း ဒေသခံ ဒေါ်ရီရီဝင်းက RFA ကို ပြောပါတယ်။

"ဖလူးဘောလုံးကွင်းထဲကို ကျတယ်။ နောက်တစ်ချက်မထုခင် ကလေးတွေကို ကျောင်းပြန်လွှတ်လိုက်လို့ ကလေးတွေတော့ တစ်ယောက်မှ ထိခိုက်တာမရှိဘူး။ အဲဒီကလေးတွေ ကျောင်းပြန်လွှတ်လိုက်ပြီး အိမ်ပြန်နေတဲ့အချိန်မှာ နောက်ထပ်လက်နက်ကြီးတစ်လုံးက ဖလူးရဲ့ စာသင်ကျောင်းကို ထိသွားတာပေါ့နော်"

ရွာထဲက အလယ်တန်းကျောင်းကို ထိမှန်ခဲ့တာဖြစ်ပြီး ရွာဆေးခန်းနဲ့ လူနေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းဖို့ ကရင်ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး မင်းသူကျော်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ ဖုန်းလက်ခံမဖြေဆိုပါဘူး။

စစ်ကောင်စီတပ်စွဲထားတဲ့ စွယ်တော်ကုန်းဟာ အမြောက်လက်နက်ကြီးတွေ တပ်ဆင်ထားတဲ့နေရာဖြစ်ပြီး စက်တင်ဘာလ ၂၉ ရက်နဲ့ ၃ဝ ရက်နေ့တွေမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မဟာမိတ်တပ်တွေနဲ့ တိုက်ပွဲ အပြင်းအထန်ဖြစ်နေတာပါ။

စစ်ကောင်စီဘက်က စွယ်တော်ကုန်းတပ်စခန်း မကျရေးအတွက် လေကြောင်းကနေ ပစ်ကူပြီး ဆက်တိုက် တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။