မြ၀တီမှာ စမတ်ကတ် UID နံပါတ်အတွက် ကျပ်နှစ်သိန်းခန့် ဈေးပေါက်နေ
2024.05.06
ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့မှာ စစ်ကောင်စီလူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပေးတဲ့ စမတ်ကတ် UID (Unique Identity Number) နံပါတ်ရဖို့အတွက် ပြင်ပမှာ မြန်မာကျပ်ငွေ နှစ်သိန်းကျပ်အထိ ဈေးပေါက်နေတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ မြ၀တီဒေသခံတွေက မေလ ၆ ရက်နေ့မှာ ပြောပါတယ်။
လက်ရှိမှာ မြ၀တီမြို့ကနေ ထိုင်းနိုင်ငံကိုထွက်ခွာဖို့ UID ကတ်ပြားပါမှသာ ခွင့်ပြုတော့မှာဖြစ်တဲ့အတွက် လာရောက်လျှောက်ထားသူများပြားနေပြီး ကတ်အမြန်ရရှိနိုင်ဖို့ ပြင်ပ တရားမဝင် ဈေးကွက်ပေါ်ပေါက် လာတာလို့ ဆိုပါတယ်။
UID ကတ်ပြားလျှောက်ထားတဲ့အခါ ရရှိဖို့ ဆယ်ရက်ခန့်ကြာနိုင်ပြီး ပြင်ပအကျိုးဆောင်တွေကနေတစ်ဆင့် တစ်ရက်အတွင်းရဖို့ လုပ်ဆောင်ကြတဲ့အခါ ကျပ်ငွေနှစ်သိန်းခန့် တောင်းယူနေတာလို့ မြ၀တီမြို့ခံတစ်ဦးက ပြောပါတယ်။
“ပထမတော့ မြန်မာငွေ ငါးသောင်းလောက်ကြားထားတော့ ငါးသောင်းလောက်ဆိုလည်း သွားလုပ်ရင် ကောင်းမလားပေါ့။ အဲဒါနဲ့ မေးကြည့်လိုက်တော့ ဘတ်နှစ်ထောင် (ကျပ်နှစ်သိန်း) လို့ပြောတယ်။ ဘတ်နှစ်ထောင်ဆိုရင်တော့ မလုပ်နိုင်သေးဘူးဆိုပြီး နေလိုက်တာ။ ဒါပေမဲ့ ကိုယ့်အသိတွေထဲက တစ်ယောက်က သူကတော့ လုပ်မယ်တဲ့ ချိတ်ဆက်ပေးပါဆိုလို့ အဲဒါ လှမ်းပြီး ချိတ်ဆက်ပေးတော့ ချက်ချင်းလုပ်ပေးမယ် ဘတ်နှစ်ထောင်ဆိုပြီး ဟိုဘက်က ပြန်အကြောင်းပြန်တယ်”
မြ၀တီမြို့နယ်က လူဝင်မှုကြီးကြပ်ရေးရုံးမှာ မေလ ၁ ရက်ကစပြီး UID ကတ် လာရောက်လျှောက်ထားသူတွေ နေ့စဉ် လူငါးရာခန့်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လာရောက်လျှောက်ထားသူတွေ များပြားတာကြောင့် ကိုယ်ရေးအချက်အလက် မှားယွင်းဖြည့်သွင်းတာတွေလည်း ရှိနေတယ်လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။
“နာမည်တစ်လုံးမှားတယ်။ ဝစ္စနှစ်လုံးပေါက် ကျန်ခဲ့တယ်ဆိုတာနဲ့တင် လူတွေက အဆင်မပြေဖြစ်နေတာပေ့ါ။ နယ်ဝေးဆိုရင်တစ်ခါ ဖုန်းဆက်ပြီး ပြန်လုပ်ရမယ်။ အဲလိုဖြစ်နေတယ်။ မဲဆောက်မှာ အလုပ်လုပ်တဲ့သူက ပြန်မယ်ဆို ပြန်လို့မရတော့ဘူးလေ။ စမတ်ကတ်က ချက်ချင်းမှမရတာကိုး။ မှန်တဲ့သူက ဆယ်ယောက်မှာ တစ်ယောက်လောက်ပဲ ဖြစ်နေတယ်။ အချက်အလက်တွေ မှားတဲ့သူက များနေတယ်”
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ် စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
UID လက်မှတ်ဟာ အသက် ၁၀ နှစ်အထက်ရှိသူတွေရဲ့ ဇီ၀အချက်အလက်နဲ့ ကိုယ်ရေးအချက်အလက်တွေကို စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ကောက်ယူပြီးနောက် သက်သေခံ မှတ်ပုံတင်အဖြစ် ထုတ်ပေးတဲ့ ဂဏန်းဆယ်လုံးပါလက်မှတ် (Unique Identity Number) ဖြစ်ပါတယ်။
မေလ ၁ ရက်နေ့ကစလို့ တရုတ်၊ ထိုင်းနဲ့ အိန္ဒိယနိုင်ငံတွေကို နယ်စပ်ဖြတ်သန်းခွင့်လျှောက်တဲ့အခါ အရင် ထုတ်ပေးထားတဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်ကတ်) နဲ့ မရတော့ဘဲ UID ကတ်ပြားမှသာ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ထုတ်ပေးတော့မယ်လို့ စစ်ကောင်စီက ဧပြီလ ၄ ရက်နေ့မှာ ကြေညာထားပါတယ်။