မြေနီကုန်း ပစ်ခတ်မှု နှစ်ဦးသေဆုံး၊ အင်းစိန်ထောင်အနီး ဗုံးပေါက်ကွဲ

2021.09.25
Share on WhatsApp
Share on WhatsApp
မြေနီကုန်း ပစ်ခတ်မှု နှစ်ဦးသေဆုံး၊ အင်းစိန်ထောင်အနီး ဗုံးပေါက်ကွဲ ရန်ကုန်မြို့၊ မြေနီကုန်း ခုံးတံကားကို ပိတ်ထားတာကို ၂၀၂၁၊ စက်တင်ဘာ ၂၅ ရက်နေ့က တွေ့ရစဉ်
Photo: Citizen Journalist

ရန်ကုန်၊ စမ်းချောင်းမြို့နယ် မြေနီကုန်း ခုံးတံတားမှာ ဒီကနေ့မနက် အစောပိုင်း တစ်နာရီခွဲလောက်က သေနတ်ပစ်ခတ်သံတွေ ဆက်တိုက်ထွက်ပေါ်လာခဲ့ပြီး အဲဒီပစ်ခတ်မှုတွေကြောင့် လူထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ အခင်းဖြစ်တဲ့နေရာ အနီးနားမှာနေတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"မနက်တစ်နာရီခွဲလောက်မှာ သေနတ်ပစ်သံပေါ့နော်။ အတွဲလိုက် ပစ်လိုက်သံမျိုး ကြားတယ်။ အဲဒီတစ်တွဲ ပစ်လိုက်သံပဲ ကြားတယ်ပေါ့နော်။ နောက်တော့ငြိမ်သွားတယ်။ ခဏနေတော့ တယ်လီဂရမ် ချန်နယ် တစ်ခုမှာ သတင်းတက်လာတာတော့ သူက နှစ်ယောက်ကတော့ ပလက်ဖောင်းပေါ်မှာ သေသွားတယ်။ Death Body လာသယ်သွားတယ်လို့ ပြောတယ်။ နောက်တစ်ယောက်ကလည်း အဲဒီနားမှာ သတိလစ် နေတယ်ပေါ့။ သုံးယောက်ထိတယ်ပေါ့နော်။ နှစ်ယောက်ကတော့ Body လာသယ်သွားတယ်လို့ ကြားတယ်"

RFA က စကားပြောခဲ့တဲ့ မြေနီကုန်း ဒေသခံတချို့က မြေနီကုန်းတံတားအနီး ဒဂုံစင်တာဘေး ရှမ်းကုန်းလမ်း ထဲကနေ လူနှစ်ယောက်ကို စစ်ကောင်စီ တပ်သားတွေ ဖမ်းဆီးဆွဲထုတ်လာပြီးနောက် ခြေထောက်တွေနဲ့ ကန်ကျောက် နှိပ်စက်ပြီး ပစ်သတ်လိုက်တာလို့ ဆိုပါတယ်။

ဒါ့အပြင် နောက်တစ်ယောက်ကိုလည်း အဲဒီနားမှာပဲ စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့ပေမယ့် အဲဒီသူကတော့ သေနတ်ကျည်ထိမှန်ခဲ့ပြီး သေဆုံးခြင်းမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မြေနီကုန်းပစ်ခတ်မှုဟာ စစ်ကောင်စီနဲ့ ဒေသခံ ခုခံကာကွယ်ရေးတပ် PDF တွေကြား ပစ်ခတ်တာလား၊ ဒါမှမဟုတ် စစ်ကောင်စီတပ်တွေက ရပ်ကွက်တွင်း အကြောင်းမဲ့ လိုက်လံပစ်ခတ်ခဲ့တာလားဆိုတာကို RFA က စုံစမ်းနေဆဲဖြစ်ပါတယ်။

လူ နှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးပစ်သတ်ခဲ့တယ်ဆိုတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ တုံ့ပြန်ချက်သိနိုင်ဖို့ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်း မရှိပါဘူး။

ပစ်ခတ်မှုကြောင့် သေဆုံးရသူတွေနဲ့ ပတ်သက်လို့လည်း RFA က သီခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အဲဒီလို ပစ်ခတ်မှုတွေဖြစ်ပွားပြီးတဲ့နောက်ပိုင်း မြေနီကုန်း ခုံးကျော်တံတားကို အချိန်အတော်ကြာ ပိတ်ထားခဲ့ပါတယ်။ ပစ်ခတ်မှုဖြစ်တဲ့နေရာက လက်ကျန်သွေးကွက်တွေကို စစ်ကောင်စီတပ်သားတွေက ရေတွေနဲ့ ဆေးကြောသန့်ရှင်းပြီး တစ်ခါတည်း လတ်စဖျောက်ခဲ့တယ်လို့ မျက်မြင်ဒေသခံတစ်ဦးက ပြောပါတယ်။

"မနက်စောစော ၇ နာရီလောက်ကတည်းက သူတို့စစ်ကားတွေနဲ့ ကန့်လန့်ခံပြီး ပိတ်ထားတယ်။ တံတားကို လွှတ်တော်ဘက်ကနေစပြီး ပိတ်ထားတယ်လို့ ပြောတယ်။ လိုင်းကတွေကလည်း ဗဟိုလမ်း၊ ရှင်စောပုဝင်စလမ်းကနေမှ ဗဟိုလမ်းကြီးအတိုင်း တည့်တည့် အကုန်သွားကြတယ်။ ဟိုဘက် ဝေဠုဝန် မြောက်ဘက်ထိပေါ့။ တောက်လျှောက် လိုင်းကားတွေ သွားကြတယ်။ အဲဒီမှာ သူတို့ကပြောတာတော့ စစ်ကားတွေရပ်ပြီးတော့ တံတားပေါ်မှာလည်း သန့်ရှင်းရေးတွေ လုပ်တယ်လို့ ပြောကြတယ်။ တံတားတော့ မကြာခင် ပြန်ဖွင့်သွားတယ်"

innsein-prison.jpg
(၂၀၂၁၊ ဇွန် ၂၆ ရက်နေ့က အင်းစိန်ထောင်ရှေ့ မြင်ကွင်း)

ရန်ကုန်မှာပဲ ဒီနေ့ မနက် ၇ နာရီလောက်က အင်းစိန်ထောင်ဘေးက ညောင်ပင်သာဘုန်းကြီးကျောင်းအနီးမှာ ဗုံးလေးလုံး ဆင့်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရန်ကုန်တိုင်းထဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့တရက်တည်းမှာတင် ဗုံးပေါက်ကွဲမှု ၂၂ ကြိမ်အထိ ဖြစ်ခဲ့ပြီး၊ အင်းစိန်၊ မြောက်ဥက္ကလာ၊ တွံတေး၊ မြောက်ဒဂုံ၊ ခရမ်း၊ ရွှေပြည်သာ၊ ပုဇွန်တောင်၊ လှိုင်၊ ဗဟန်း၊ မရမ်းကုန်း၊ သန်လျင်နဲ့ တောင်ဥက္ကလာ စတဲ့ နေရာတွေမှာ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ ရန်ကုန်မြို့ကို အရင်ထက် တင်းကျပ်ထားပြီး အင်အားတိုးချထားသလို ညဘက် ရပ်ကွက်တွေထဲမှာ ဧည့်စာရင်းလိုက် စစ်တာ၊ မသင်္ကာတဲ့လူတွေကို လိုက်လံဖမ်းဆီးတာတွေကို ပိုရှိ လာနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

"ငယ်ငယ်ကတည်းက ဒီလိုပဲ အကြောက်တရားတွေနဲ့ ကြီးလာရတာဆိုတော့ ဘာပဲဖြစ်ဖြစ် စိုးရိမ်နေမှာပဲလေ စိတ်ထဲမှာ တစ်ခုခု ဖြစ်မှာလေ"

အခုလိုအခြေအတွေကြောင့် ရန်ကုန်မြို့မှာ လူသွားအလာတွေ အရင်ထက်နည်းသွားပြီး အပြင်ထွက်ရင်တောင် စိုးရိမ်စိတ်နဲ့ သွားလာနေရတယ်လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

"ခြောက်နာရီလောက်ဆိုရင်ပဲ ဘာပဲဖြစ်ဖြစ် လူတွေက ပြန်ကုန်ကြပြီလေ။ မရှိတော့ဘူး တိတ်နေပြီ။ အိမ်ပေါ်ကနေ လှမ်းကြည့်လိုက်လို့မှ လမ်းထဲမှာ တိတ်တိတ်ဆိတ်ဆိတ်တွေ ဖြစ်ကုန်တာပေါ့။ ဘာပဲ ဖြစ်ဖြစ် လမ်းသွားလို့ရှိရင်တော့ တစ်ခုခု ဘာဖြစ်မလဲဆိုတဲ့ စိတ်ကြီးနဲ့တော့ သွားနေရတာပဲ။ သွားတာတော့လေ စိုးရိမ်နေရတာကိုး။ ပြီးတော့ သမီးတို့က ငယ်ငယ်ကတည်းက ဒီလိုပဲ အကြောက် တရားတွေနဲ့ ကြီးလာရတာ ဆိုတော့ ဘာပဲဖြစ်ဖြစ် စိုးရိမ်နေမှာပဲလေ စိတ်ထဲမှာ တစ်ခုခု ဖြစ်မှာလေ။ တွေးပြီး ကြောက်ရတာပေါ့ ကိုယ့်အလှည့်ဘယ်တော့ ရောက်လာမလဲဆိုပြီးတော့လေ။ သမီးတို့ဆီပဲ လာစစ်တော့မလား အဲလိုမျိုးတွေတော့ စိုးရိမ်စိတ်ရှိတာပေါ့"

အခုလို ဖြစ်ရပ်ဆိုးတွေကို အမြန်အဆုံးသတ်ပြီး အေးအေးချမ်းချမ်း ဖြစ်စေချင်လှပြီလို့ နောက်ထပ် ရန်ကုန်မြို့ခံ တစ်ဦးကလည်း ပြောပါတယ်။

"အမြန်ဆုံး ဒီဥစ္စာကို မြန်မြန် အေးအေးချမ်းချမ်း အရင်ကလို ပြန်ဖြစ်စေချင်ပြီပေါ့လေ။ အခုကျတော့ အဲဒီလိုဖြစ်တော့ ဟိုနားဒီနား သွားရင်တောင်မှ အမြဲဘုရားစာရွတ်ပြီး သွားနေရတာပေါ့။ ဘယ်နေရာမှာ ဗုံးထပေါက်မယ် ပြောလို့မရဘူးလေ အဲလိုဖြစ်နေတယ်လေ။ လန့်နေရတာပေါ့။ ဒီနေ့မနက် သတင်းတောင် မှ ပါလာပြီလေ မြေနီကုန်းဘက် ပေါက်တယ်ဘာညာဆိုတော့ အကုန် လန့်ဖြန့်နေကြတာပေါ့။ အခုက နေရာတကာတိုင်း ဖြစ်နေနိုင်တော့ ကိုယ်သွားတဲ့နေရာဖြစ်နိုင်တော့ အကုန်သွားတဲ့အခါ ဘုရားစာလေး ကုသိုလ်တော့ရတာပေါ့လေ။ ဘုရားစာရွတ်ရွတ် သွားနေကြရတာပေါ့။ အကုန်လုံးကတော့ ကျီးလန့် ဆန်စား ဖြစ်နေတာပေါ့။ မြို့ပျက်ကြီးလို ဖြစ်နေတာပေါ့။ ဘာမှလုံခြုံမှုမရှိဘူး။ အာမခံချက်လည်း မရှိဘူး"

စစ်ကောင်စီကို မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ခုခံတော်လှန် ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စစ်ကြေညာခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့ နောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ သူတို့ရဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေကို ဒေသတွင်း ခုခံကာကွယ်ရေး တပ်ဖွဲ့ PDF ‌ေတွက ပစ်မှတ်ထားတိုက်ခိုက်လာတဲ့ ဖြစ်စဉ်တွေ အရင်ထက် ပိုများလာတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

NUG က စစ်ကောင်စီကို စစ်ကြေညာလိုက်တာနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရကတော့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို အကြမ်းဖက်တိုက်ခိုက်ပြီး ဖြေရှင်းမှာကို လက်မခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့သလို၊ ယူကေနိုင်ငံကလည်း မြန်မာနိုင်ငံမှာ နောက်ထပ်ပဋိပက္ခတွေကို ထပ်မဖြစ်စေချင်တော့ဘူးလို့ ကြေညာချက် တွေ အသီးသီး ထုတ်ပြန်ခဲ့တာပါ။

RFA က စကားပြောခဲ့တဲ့ ပြည်သူအများစုကတော့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ရဲ့ စစ်ကောင်စီအပေါ် စစ်ကြေညာချက်ကို ထောက်ခံကြောင်း ပြောဆိုကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-09-26 22:05

Fight for freedom