မြင်းခြံမှာ ဖမ်းဆီးခံရတဲ့ ဒေသခံရှစ်ဦး ပြန်မလွတ်သေး

RFA Burmese
2024.08.30
မြင်းခြံမှာ ဖမ်းဆီးခံရတဲ့ ဒေသခံရှစ်ဦး ပြန်မလွတ်သေး မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှ ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့က တွေ့ရစဉ်။
Myingyan Black Tiger (MBT)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ကျောက်တိုင်ရွာခံရှစ်ဦးကို ဩဂုတ်လ ၂၈ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေ ဖမ်းဆီးသွားပြီး နှစ်ရက်ကြာတဲ့အထိ ပြန်မလွတ်လာသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မြင်းခြံမြို့နယ် ဆုံရွာမှာအခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းတပ်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဩဂုတ်လ ၂၇ ရက်နဲ့ ၂၈ ရက်မှာ ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီးနောက် အဲဒီစခန်းနဲ့ နှစ်မိုင်အကျော်မှာရှိတဲ့ ကျောက်တိုင်ရွာကို အခုလို ဝင်ရောက်လာပြီး ဒေသခံရှစ်ဦးကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

ဖမ်းဆီးခံထားရသူတွေထဲမှာ အမျိုးသားအများစုပါဝင်နေပြီး သူတို့တွေဟာ PDF နဲ့ ဆက်စပ်မှုမရှိဘဲ တောင်ယာလုပ်ငန်း လုပ်ကိုင်ကြသူတွေလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိအချိန်အထိ ရှစ်ဦးစလုံးကို ဘယ်နေရာမှာဖမ်းဆီးထားလဲဆိုတာ မသိရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြင်းခြံဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ပျူရွာက နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခံရတာ။ အဲဒါကြောင့် ဘေးနားရွာတွေကို ပတ်မွှေရင်းနဲ့ ကျောက်တိုင်က ရွာခံရှစ်ယောက်ကို ဖမ်းသွားတာ။ ဘယ်မှာဖမ်းထားလဲတော့ မကြားမိသေးဘူး။ ဆုံရွာထဲမှာပဲ ဖမ်းထားတာ ဖြစ်နိုင်တယ်။ အဲဘက်ကို သတင်းသွားစုံစမ်းဖို့က မလွယ် တစ်ရွာလုံနီးပါး ပျူရွာလိုဖြစ်နေတာ”

ဖမ်းဆီးခံရသူတွေရဲ့ အသက်အရွယ်နဲ့ အသေးစိတ်အချက်အလက်ကို သိရဖို့နဲ့ ကျောက်တိုင်ရွာခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေထံ RFA က ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။

ဒီအခြေအနနဲ့ ပတ်သက်ပြီးတုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

မြင်းခြံခရိုင်ထဲက မြင်းခြံ၊ တောင်သာ၊ နွာထိုးကြီး စတဲ့မြို့နယ်သုံးခုက စစ်ကောင်စီတပ်နဲ့ ပျူစောထီး တပ်စခန်းတွေကို ဩဂုတ်လ ၁၀ ရက်နေ့ကစပြီး ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ ဆက်တိုက်ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေသလို စစ်ကောင်စီတပ်ကလည်း လေကြောင်းနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဩဂုတ်လ ၂၉ ရက်နေ့ ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်းမှာ အရပ်သား ၂၇,၂၇၅ ဦးကို ဖမ်းဆီးခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။