မြင်းခြံ ပျားကျေးရွာသားတစ်ဦး ပစ်သတ်ခံရပြီး နေအိမ် ၃၀၀ နီးပါး မီးရှို့ခံရ

2022.11.10
Share on WhatsApp
Share on WhatsApp
မြင်းခြံ ပျားကျေးရွာသားတစ်ဦး ပစ်သတ်ခံရပြီး နေအိမ် ၃၀၀ နီးပါး မီးရှို့ခံရ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်နေ့ ညက မြင်းခြံမြို့နယ်၊ ပျားကျေးရွာရှိ နေအိမ်တချို့ကို စစ်ကောင်စီ စစ်ကြောင်းမီးရှို့နေသည်ကို တွေ့မြင်ရစဉ်။
Photo: Citizen Journalist

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ပျားကျေးရွာကို အင်အား ၁၀၀ ခန့်ပါဝင်တဲ့ စစ်ကောင်စီတပ် က နိုဝင်ဘာ ၈ ရက်နေ့က စီးနင်းဝင်ရောက်ပြီးနောက် ဒေသခံအမျိုးသားတစ်ဦး ပစ်ခတ်ခံခဲ့ ရသလို နေအိမ် ၃၀၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက နိုဝင်ဘာ ၁၀ ရက် ဒီနေ့ မနက်ပိုင်းက RFA ကို ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ဒီနေ့မနက်က ပျားကျေးရွာကနေ ပြန်ထွက်သွားပြီးနောက် ဒေသခံ တွေက ရွာထဲဝင်ကြည့်ရာမှာ သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းနဲ့ မီးရှို့ခံထားရတဲ့ အိမ်တွေကို တွေ့ရှိခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါ တယ်။

"ယနေ့ မနက်ကြီးမှာ စစ်ကြောင်း ပြန်ဆုတ်သွားတယ်ကြားလို့ ကျနော်တို့ ရွာအနား ပြန်ကပ်ကြည့်တဲ့အခါ အိမ်ခြေ သုံးရာလောက် မီးရှို့ခံထားရတယ်၊ ဒေသခံ အလောင်း တစ်လောင်းတွေ့တယ်၊ အသက်သုံးဆယ်နဲ့ အထက်အမျိုးသားပါ၊ အိမ်တွေထဲ ထည့်မီးရှို့သွားတော့ ရုပ်က ဖမ်းမရသေးဘူး၊ စိစစ်နေဆဲပဲပေါ့"

သေဆုံးသူဟာ အသက် ၃၃ နှစ်အရွယ် ကိုဇော်မျိုးနိုင်ဖြစ်ပြီး သေနတ်ဒဏ်ရာ လေးချက်နဲ့ သေဆုံးနေတာလို့ ဆိုပါတယ်။ သူဟာ ရွာထဲကို နွားစာလာကျွေးဖို့ကြိုးစားရာကနေ စစ်ကောင်စီတပ်နဲ့တိုးပြီး အသတ်ခံရတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

ရွာထဲကနေ စစ်ကြောင်း ပြန်ထွက်သွားပေမယ့် စိတ်ချရတဲ့ အခြေအနေမဖြစ်သေးတာ ကြောင့် ဒေသခံတွေက ရွာကိုပြန်မဝင်ရဲသေးဘဲ အခြေအနေစောင့်ကြည့်နေရတယ်လို့ လည်း ပြောပါတယ်။

ပျားကျေးရွာဟာ အိမ်ခြေ ၈၀၀ ကျော်၊ လူဦးရေ ၂၀၀၀ နီးပါး နေထိုင်တဲ့ ရွာကြီးတစ်ရွာဖြစ်ပါတယ်။

ရွာထဲက အခြားနေအိမ်တွေမှာရှိတဲ့ လယ်ယာသုံး စက်ပစ္စည်းတွေနဲ့ အိမ်သုံးပရိဘောဂ တွေပါ ဖျက်ဆီးခံထားရသလို လက်ဝတ်လက်စားတချို့လည်း ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်ထားတာ မရှိသေးပါဘူး။ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သူတို့တပ်ဖွဲ့ တွေက နေအိမ်တွေကို မီးရှို့တယ်ဆိုတာ စွပ်စွဲချက်တွေသာဖြစ်ပြီး တပ်မတော်အနေနဲ့ အရပ်သားတွေထိခိုက်အောင် ဘယ်လိုနည်းနဲ့မှလုပ်စရာ အကြောင်းမရှိဘူးလို့ ယခင်က တုံ့ပြန်ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။