မြင်းခြံမြို့နယ် ပျိုးကန်ရွာသားလေးဦး သတ်ဖြတ်ခံရပြီးနောက် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်

RFA Burmese
2023.09.29
မြင်းခြံမြို့နယ် ပျိုးကန်ရွာသားလေးဦး သတ်ဖြတ်ခံရပြီးနောက် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက် မြင်းခြံမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့အား ၂၀၂၁ ခုနှစ် မတ်လ ၃ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

မန္တလေးတိုင်း မြင်းခြံမြို့နယ် ပျိုးကန်ရွာမှာ စစ်ကောင်စီ သတင်းပေးလို့ စွပ်စွဲခံရသူ လေးဦး စက်တင်ဘာလ ၂၇ ရက်နေ့က သတ်ဖြတ်ခံရပြီးနောက် ရွာထဲမှာ စစ်တပ်က ဝင်ရောက်တပ်စွဲပြီး စစ်ဆေးမေးမြန်းရှာဖွေတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်သား အင်အား ၃၀ လောက်နဲ့ ဝင်ရောက်လာတာဖြစ်ပြီး ရွာခံတချို့ကို စစ်ဆေးမေးမြန်းတာတွေ လုပ်နေသလို သေဆုံးသူတွေနဲ့ အိမ်ချင်းနီးကပ်တဲ့ နေအိမ်တစ်အိမ်ကနေ လက်ဝတ်ရတနာတွေ ယူဆောင်သွားတယ်လို့လည်း အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"အသတ်ခံရတဲ့သူတွေရဲ့ အိမ်နားလေးက ကိုအေးမင်းရဲ့အိမ်ကို ဝင်ရှာပြီး လက်ကောက် တစ်ရံရယ်၊ ဆွဲကြိုးတစ်ကုံးရယ်၊ နားကပ်တစ်ရံရယ် ကြက်သွန်ရောင်းလို့ရထားတဲ့ ငွေဆယ်သိန်းရယ် ယူသွားတယ်တဲ့။ ပြန်သွားတောင်းတော့ မပေးလိုက်ဘူး"

သေဆုံးသူတွေဟာ အသက် ၅၀ ဝန်းကျင်အရွယ်တွေဖြစ်တဲ့ ဦးကျင်စိုး၊ ဦးကျင်စိုးရဲ့ ဇနီးဖြစ်သူ ဒေါ်သန်းကြည်၊ ဒေါ်လုံးနဲ့ ဦးကျော်မိုးတို့ဖြစ်ပြီး နေအိမ်မှာရှိနေစဉ်မှာပဲ ပတ်ခတ်သတ်ဖြတ်ခံလိုက်ရတာလို့ သူက ဆိုပါတယ်။

ဒီသတ်ဖြတ်မှုကိုတော့ ဘယ်အဖွဲ့အစည်းက ပြုလုပ်ခဲ့တယ်ဆိုတာ တိတိကျကျ မသိရသေးသလို စစ်ကောင်စီ သတင်းပေးလို့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့လည်း သေဆုံးသူရဲ့ မိသားစုဝင်တွေကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

ဒီအခြေအနေနဲ့တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

လက်ရှိမှာတော့ ပျိုးကန်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ စက်တင်ဘာလ ၂၉ ရက် ဒီနေ့မနက်မှာတော့ ပျိုးကန်ရွာနဲ့ နှစ်မိုင်လောက်ဝေးတဲ့ သင်ပြွန်းရွာကို ပြောင်းရွှေ့သွားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

စက်တင်ဘာလ ၂၄ ရက်နေ့ကတော့ မြင်းခြံမြို့နယ် နဘူးအိုင်ရွာက အသက် ၆၂ နှစ်အရွယ် ဦးလှနီနဲ့ သူ့ရဲ့သမက်ဖြစ်သူ CDM ဝန်ထမ်း အသက် ၃၃ နှစ်အရွယ် ကိုသိန်းဆွေဦးတို့ကို လက်နက်ကိုင် လူတစ်စုက ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။