မြင်းခြံမှာ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား ရပ်ဆိုင်း
2024.08.14
မန္တလေးတိုင်း၊ မြင်းခြံမြို့မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကစပြီး စစ်ကောင်စီရဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ တိမ်းရှောင်သွားတာကြောင့် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ရပ်ဆိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ စာသင်ကျောင်းတွေအပါအဝင် အရပ်ဘက် ဌာနဆိုင်ရာရုံးအများစု ပိတ်ထားပြီး ပုဂ္ဂလိကဘဏ်တချို့သာ အချိန်အကန့်အသတ်နဲ့ လည်ပတ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အဓိကကတော့ ဝန်ထမ်းတွေ ရွှေ့ပြောင်းကုန်လို့ မလည်ပတ်တော့တာ။ မနေ့ကကို လဝက က သူတို့လည်း ပစ္စည်းတွေသယ်ပြီး ရွှေ့သွားပြီ။ ရဲဆိုရင်လည်း ရဲစခန်းဖွင့်ထားတာပဲရှိတယ်။ အခုရက်ပိုင်း တော်တော်များများ အလင်းဝင်တာ ရဲမေတွေဆို ထွက်ပြေးတိမ်းရှောင်တာတွေ ရှိနေတယ်။ ဝန်ထမ်းမရှိလို့ မလည်ပတ်တော့တာ အဲဒီသဘောပဲ”
မြင်းခြံမြို့က စစ်ကောင်စီရဲ့ ဘဏ်တွေလည်း ပြီးခဲ့တဲ့သီတင်းပတ်ကတည်းက ပိတ်ထားခဲ့ပြီး ပုဂ္ဂလိကဘဏ် တစ်ခုသာ မနက် ဆယ်နာရီအထိ ငွေအသွင်းအထုတ်လုပ်နိုင်ဖို့ ဖွင့်ပေးတာရှိတယ်လို့ သူက ပြောပါတယ်။
ဒီနေ့အထိတော့ မြင်းခြံမြို့မှာ တိုက်ပွဲဖြစ်ပွားတာမရှိသေးဘဲ စစ်ကောင်စီဘက်က မြို့အနှံ့ လုံခြုံရေးကင်းတွေချ ပြီး စစ်ရေးပြင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါကြောင့် မြို့ခံတချို့လည်း ကြိုတင် နေရပ်စွန့်ခွာတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ ရက်နေ့ကစလို့ မြင်းခြံ၊ တောင်သာနဲ့ နွားထိုးကြီးမြို့နယ်တွေကို “မြင်းခြံခရိုင် အထူးစစ်ဆင်ရေး”လို့ အမည်ပေးပြီး ကာကွယ်ရေးပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်နေတာပါ။
မြင်းခြံမြို့နယ်က ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့ မြို့ပေါ်မှာ တိုက်ပွဲမဖြစ်သေးပေမဲ့ စစ်ရေးအခြေအနေကတော့ တင်းမာနေတယ်လို့ RFA ကို ပြောပါတယ်။
မြင်းခြံမြို့အခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့ကစလို တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးအနဲ့အတူ မန္တလေးတိုင်းအတွင်းမှာ တိုက် ပွဲတွေ ပြင်းထန်လာပြီး မိုးကုတ်နဲ့ စဥ့်ကူးမြို့တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ထားသလို မတ္တရာ၊ သပိတ်ကျင်း၊ ပုသိမ်ကြီး၊ တောင်သာ၊ နွားထိုးကြီး မြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။