မြင်းခြံမှာ စစ်ကြောင်းကြောင့် ဒေသခံ တစ်သောင်းကျော် ထွက်ပြေးနေရ

RFA Burmese
2024.09.09
မြင်းခြံမှာ စစ်ကြောင်းကြောင့် ဒေသခံ တစ်သောင်းကျော် ထွက်ပြေးနေရ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ မေလ ၁၇ ရက်နေ့က တွေ့ရစဉ်။
မင်းစစ်နိုင်

မြင်းခြံမြို့နယ် အရှေ့မြောက်ခြမ်းမှာရှိတဲ့ ရွာတွေကို စစ်ကောင်စီတပ်က အင်အားရှစ်ဆယ်ခန့်နဲ့ စစ်ကြောင်းထိုးနေတာကြောင့် လူတစ်သောင်းကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက စက်တင်ဘာလ ၉ ရက်မှာ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့ ညကပိုင်းစလို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် တဲရွာ၊ ခင်မကန်၊ သဲတော၊ ပျော်ဘွယ်၊ စံပြ၊ မြောက်ကုန်း စတဲ့ရွာတွေက ပြည်သူတွေ ထွက်ပြေးနေရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဒေသခံတွေက ဘေးလွတ်ရာတွေကို ထွက်ပြေးနေရတယ်။ တောထဲ တောင်ထဲမှာ သွားအိပ်နေကြရတယ်။ တချို့ကျတော့လည်း အခင်းထဲက တဲတွေမှာ စစ်ရှောင်နေရတယ်။ အညာဒေသက အခုမိုးကျနေပြီဆိုတော့ ဒေသခံတွေအတွက် တော်တော်ခက်ခဲတယ်။ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တို့အတွက်ကတော့ သူတို့ရဲ့ စား၀တ်နေရေးအတွက်က နီးစပ်ရာရွာတွေက ဖြေရှင်းပေးနေရတယ်။ မကျန်းမာတဲ့သူတွေအတွက် ဒုက္ခရောက်တယ်။ လောလောလတ်လတ် တိုက်ပွဲဖြစ်တဲ့အချိန် ထွက်ပြေးလာကြရတာဆိုတော့ အိမ်ကပစ္စည်းတွေ သယ်လာရတာ မရှိဘူး”

စက်တင်ဘာလ ၉ ရက် ဒီနေ့မှာတော့ စစ်ကောင်စီတပ် စစ်ကြောင်းက မြင်းခြံမြို့ဘက်ကို ပြန်ရောက်သွားပြီလို့ သတင်းကြားရပေမဲ့ ဒေသခံတွေ နေရပ်မပြန်ရဲကြသေးဘဲ ဆက်လက်တိမ်းရှောင်နေကြတယ်လို့ သူက ဆိုပါတယ်။

စက်တင်ဘာလ ၈ ရက် မနေ့ကတော့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးချိန် လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ခင်မကန်ရွာထဲက အမျိုးသမီးတစ်ဦးနဲ့ စံပြရွာကို ဈေးလာဝယ်တဲ့ ရွာကြီးရွာက ဒေသခံ အမျိုးသမီး နှစ်ဦး စုစုပေါင်း အမျိုးသမီး သုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

မနေ့ကတစ်ရက်တည်းမှာပဲ မြင်းခြံမြို့နယ် ပြားရွာနဲ့ နွားထိုးကြီးမြို့နယ် ဆူးရစ်ကုန်းရွာတို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေလည်းရှိခဲ့ပြီး အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးတိုင်းထဲက မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးမြို့နယ်တွေမှာ “မြင်းခြံခရိုင် စစ်ဆင်ရေး” အဖြစ် သြဂုတ်လ ၁၀ ရက်နေ့ကစလို့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ကာကွယ်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက် နေပြီး စစ်ကောင်စီတပ်ကလည်း အဲဒီမြို့နယ်တွေမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။