မြင်းခြံက လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ပိတ်ထားဖို့ စင်ကာပူကုမ္ပဏီဆုံးဖြတ်
2024.08.12
စင်ကာပူအခြေစိုက် Sembcorp Industries ကုမ္ပဏီပိုင်ဆိုင်တဲ့ မန္တလေးတိုင်း မြင်းခြံမြို့က ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ယာယီ ပိတ်ထားမယ်လို့ ကုမ္ပဏီက ဩဂုတ်လ ၁၂ ရက်နေ့က ကြေညာပါတယ်။
လျှပ်စစ်ဓာတ်အား ၂၂၅ မဂ္ဂဝမ် ထုတ်လုပ်နိုင်စွမ်းရှိတဲ့ အဲဒီစက်ရုံတည်ရှိတဲ့ မြင်းခြံမြို့နယ်အပါအဝင် မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခ မငြိမ်သက်မှုတွေကြောင့် အခုလို စက်ရုံကို ယာယီပိတ်သိမ်းထားဖို့ ဆုံးဖြတ်ခဲ့တာလို့ ကုမ္ပဏီရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။
လုံခြုံစိတ်ချရပြီး၊ စက်ရုံလည်ပတ်လို့ရတဲ့အခြေအနေ ပြန်ရောက်တာနဲ့ လုပ်ငန်းပြန်စဖို့ မျှော်လင့်တယ်လို့ Sembcorp ကုမ္ပဏီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
Sembcorp Industries ကုမ္ပဏီကို စင်ကာပူ အစိုးရပိုင် Temasek ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရဲ့ အရင်းအနှီးနဲ့ တည်ထောင်ထားပါတယ်။
အလားတူပဲ ဂျပန် ကုမ္ပဏီကလည်း၊ မြန်မာနိုင်ငံမှာ စစ်ကောင်စီက ပြည်ပရောက်မြန်မာတွေရဲ့ နိုင်ငံခြားငွေ ပေးပို့မှုတွေကို ကန့်သတ်လိုက်တာနဲ့ စီးပွားရေး လုပ်ကိုင်ဖို့ မဖြစ်လောက်အောင် အခြားခက်ခဲတဲ့ အခြေအနေတွေကြောင့် မြန်မာနိုင်ငံက လုပ်ငန်းတွေကို ရပ်တန့်ထားမယ်လို့ ကြေညာထားပါတယ်။
ပြီးခဲ့တဲ့လက အာဏာသိမ်း စစ်ကောင်စီကနေ အရေးပေါ်အခြေအနေကို နောက်ထပ် ခြောက်လ သက်တမ်းထပ်တိုးတဲ့အကြောင်း ကြေညာလိုက်တဲ့နောက် မြန်မာစစ်တပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ လက်နက်ကိုင် အဖွဲ့တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ တိုးမြင့်လာပြီး နိုင်ငံစီးပွားရေးမတည်မငြိမ်ဖြစ်လာတာလို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။