မြင်းခြံမြို့နယ် တူရွင်းဘို့ရွာက အမျိုးသမီးလေးဦး အသတ်ခံရ
2024.01.31

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တူရွင်းဘို့ရွာက အမျိုးသမီးသုံးဦးကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေ ဇန်နဝါရီ ၂၈ ရက်ညမှာ ဖမ်းဆီးခေါ်ဆောင်သွားပြီး အရင်ရက်ကပျောက်နေတဲ့ အမျိုးသမီးတစ်ဦးအပါအ၀င် လေးဦးစလုံးရဲ့ ရုပ်အလောင်းတွေကို ဇန်နဝါရီ ၂၉ ရက် မနက်မှာ ပြန်တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူတွေဟာ တူရွင်းဘို့ရွာက အသက် (၂၅) နှစ်အရွယ် မအိမေဂျာ၊ အသက် (၂၈) နှစ်အရွယ် မဇင်မာတင်၊ အသက် (၄၃) နှစ်အရွယ် ဒေါ်ခင်ဆွေဝင်းနဲ့ အသက် (၆၀) အရွယ် ဒေါ်ညွန့်မေတို့ဖြစ်တယ်လို့ ဆိုပါတယ်။
ဒေါ်ခင်ဆွေဝင်း၊ မအိမေဂျာနဲ့ ဒေါ်ညွန့်မေတို့ သုံးဦးကိုတော့ ဇန်နဝါရီလ ၂၈ ရက်ညပိုင်း နေအိမ်တွေမှာပဲ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေ လာရောက်ဖမ်းဆီးသွားတာဖြစ်ပြီး မဇင်မာတင်ကတော့ အဲဒီရက်မတိုင်ခင် နှစ်ရက်ခန့်ကတည်းက ပျောက်ဆုံးနေတာလို့ ဒေသခံတွေက ပြောပါတယ်။
ရုပ်အလောင်းတွေကို ဇန်နဝါရီလ ၂၉ ရက်မနက်ပိုင်း တူရွင်းဘို့ရွာနဲ့ ဒူဝံရွာကြားမှာ တွေ့ခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"အသတ်ခံရတဲ့ လေးယောက်လုံးက တူရွင်းဘို့ရွာကပဲပေါ့နော်။ ဒါပေမဲ့ မဇင်မာတင်က နှစ်ရက်လောက်ရှိပြီ အဆက်အသွယ်မရတာလေ။ အလောင်းတွေတွေ့တော့ နားထင်တွေကို သေနတ်နဲ့ တေ့ပစ်ထားတဲ့ ဒဏ်ရာတွေပါတယ်၊ ဓားတွေနဲ့ မွှမ်းထားတာတွေ ပါတယ်ပေါ့နော်။ မဇင်မာတင်နဲ့ မအိမေဂျာတို့ဆိုရင် လိင်ပိုင်းဆိုင်ရာကျူးလွန်ခံထားရတဲ့ အနေအထားတွေ တွေ့ရတယ်လို့ ပြောတယ်ပေါ့နော်"
ရုပ်အလောင်းတွေကို ဇန်နဝါရီလ ၂၉ ရက်နေ့မှာပဲ သင်္ဂြိုဟ်လိုက်ရတယ်လို့ ဆိုပါတယ်။
အသတ်ခံရတဲ့ အမျိုးသမီးတွေဟာ တူရွင်းဘို့ရွာမှာ ဆေးလိပ်လုပ်ငန်းနဲ့ စျေးအရောင်းအဝယ် လုပ်ကိုင်ကြသူတွေဖြစ်ပြီး ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ အကြောင်းအရင်းကို အတိအကျမသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အိမ်ခြေငါးရာကျော်ရှိပြီး မြင်းခြံ - နဘူးအိုင် ကားလမ်းမဘေးမှာရှိတဲ့ တူရွင်းဘို့ရွာက ဒေသခံအချို့ကတော့ အခုလို ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ကိစ္စကြောင့် ဘေးလွတ်ရာကို ရွှေ့ပြောင်းနေထိုင်ကြရတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ စီးပွားရေး၀န်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
စစ်ကောင်စီကိုထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ သေဆုံးသူတွေဟာ (NLD) အမာခံတွေ ဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ အဆက်အသွယ်ရှိတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က သတ်ဖြတ်တာလို့ စွပ်စွဲဖော်ပြထားပါတယ်။
ဇန်နဝါရီ ၂၇ ရက်ကလည်း မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် မကျီးသမျှားရွာအနီးမှာ လက်ပြန်ကြိုးတုပ်ပြီး သေနတ်နဲ့ ပစ်သတ်ခံထားရတဲ့ လူငယ်ငါးဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇန်နဝါရီလ ၃၀ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်နီးပါးအတွင်း နိုင်ငံတစ်ဝန်းက အရပ်သား (၄၄၆၈) ဦး သတ်ဖြတ်ခံခဲ့ရ တယ်လို့ ဖော်ပြထားပါတယ်။