မြင်းခြံမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးတရားစွဲခံရသူ ထောင်ထဲမှာ သေဆုံး
မန္တလေးတိုင်း၊ မြင်းခြံမြို့မှာ စစ်ကောင်စီကနေ ဖမ်းဆီးခံခဲ့ရတဲ့ ဦးမောင်ဌေးဟာ ဒီနေ့ ဩဂုတ်လ ၉ ရက် ဒီမနက်မှာ မြင်းခြံထောင်ထဲ သေဆုံးသွားတယ်လို့ အကျဉ်းဦးစီးဌာနက အကြောင်းကြားလာတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုနဲ့ နီးစပ်သူတစ်ယောက်က RFA ကို ပြောပါတယ်။
"သတင်းကြားလို့ အကျဉ်းဦးစီးကို လှမ်းမေးတော့ ဟုတ်တယ်တဲ့ မနက်က ၆ နာရီက ဆုံးတယ်တဲ့။ ဘယ်လို ဖြစ်တာလဲဆိုတော့ နှလုံးသွေးကြောကျဉ်း၊ သွေးတိုးဆိုပြီး ဘာမှတိတိကျကျ မပြောဘူး"
ငါးမွေးကန်မှာ အလုပ်လုပ်နေတဲ့ အသက် ၅၅ နှစ်အရွယ် ဦးမောင်ဌေးကို ဆန္ဒပြ လူငယ်တွေကို လက်ခံ ပေးထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဇူလိုင် ၁၀ ရက်နေ့ ညနေ ၃ နာရီမှာ စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ပြီး ဇူလိုင်လ ၁၆ ရက်နေ့မှာ မြင်းခြံထောင်ကိုပို့ကာ ပုဒ်မ ၅၀၅-က နဲ့ စစ်ကောင်စီက တရားစွဲဆို ခံထားရတာပါ။
ရောဂါနဲ့ သေဆုံးတယ်ဆိုတဲ့ အကျဉ်းဦးစီးဌာနက ပြောဆိုချက်ကို မိသားစုဝင်တွေက မယုံကြည်ဘဲ ဒီလို သေဆုံးမှုအပေါ် မကျေနပ်နိုင်ဘူးလို့ ဆိုပါတယ်။ ဦးမောင်ဌေးရဲ့ ရုပ်အလောင်းကို ဒီမနက်မှာပဲ မြင်းခြံထောင် ကနေ ရင်ခွဲရုံကို ပို့ဆောင်ခဲ့ပြီး ခန္ဓာကိုယ်ကို အိတ်နဲ့ထုတ်ထားသလို မျက်နှာကိုပဲ ကြည့်ခွင့်ပေးတယ်လို့ အဲဒီ မိသားစုဝင်နဲ့ နီးစပ်သူက ဆိုပါတယ်။
ဦးမောင်ဌေးမှာ ဇနီးဖြစ်သူအပါအဝင် မိသားစု ခြောက်ယောက် ကျန်ရှိနေခဲ့ပါပြီး ရုပ်အလောင်းကို မြင်းခြံမြို့၊ စက်မှုဇုန်ရဲ့ တောင်ဘက်ခြမ်းက ဆူးဖြူကုံးသုသာန်မှာ ဒီနေ့ နေ့လည် ၃ နာရီမှာ သင်္ဂြိုဟ်ပေးမယ်လို့ စစ်ကောင်စီက မိသားစုဝင်တွေကို အသိပေးထားပါတယ်။
မူလက ဒီနေ့ ဩဂုတ်လ ၉ ရက်နေ့မှာ ဦးမောင်ဌေးကို ရုံးထုတ်စစ်ဆေးဖို့ စီစဉ်ထားပေမယ့် ရုံးချိန်းကို ဩဂုတ် လ ၁၅ ရက်နေ့ကို ပြောင်းလဲထားခဲ့တာ ဖြစ်ပါတယ်။
RFA ကနေ သီးခြားပြုစုထားတဲ့ စစ်ကောင်စီက ဖမ်းဆီးပြီးနောက် စစ်ကြောရေးမှာ သေဆုံးသွားရသူ အရေ အတွက်ဟာ ဦးမောင်ဌေးအပါအဝင် ဩဂုတ်လ ၉ ရက် ဒီနေ့အထိ ၃၇ ယောက်ရှိနေပါပြီ။
ဒါ့အပြင် တစ်နိုင်ငံလုံးမှာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း စစ်ကောင်စီ လက်ချက်နဲ့ သေဆုံးသူပေါင်း ကိုးရာကျော်နဲ့ ဖမ်းဆီးခံထားရသူပေါင်း ငါးထောင်ကျော် ရှိနေပါတယ်။