လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဟောင်း ဦးမြင့်လှိုင် ဖမ်းဆီးခံရ

RFA Burmese
2024.04.10
လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဟောင်း ဦးမြင့်လှိုင် ဖမ်းဆီးခံရ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဟောင်း ဦးမြင့်လှိုင်အား တွေ့ရစဥ်။
Photo: RFA

သမ္မတ ဦးသိန်းစိန်ရဲ့ အစိုးရလက်ထက် လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် ဦးမြင့်လှိုင်ကို ဧပြီလ ၁၀ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က နေပြည်တော်ရှိ သူ့ရဲ့ နေအိမ်ကနေ ဖမ်းဆီးသွားတယ်လို့ သူ့ရဲ့ မိတ်ဆွေတွေက ပြောပါတယ်။

ဘာကြောင့် ဖမ်းဆီးခံရသလဲဆိုတာ အတိအကျ မသိရပေမယ့် ဦးမြင့်လှိုင် အဖမ်းခံရတာ မှန်ကန်တယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ နေပြည်တော် ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌ ဦးလှဆွေက ပြောပါတယ်။

အခုလို အဖမ်းမခံရခင်မှာ ဦးမြင့်လှိုင်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကနေ နုတ်ထွက်စာတင်သွားတယ်လို့ ဦးလှဆွေက RFA ကို ဒီနေ့ညနေပိုင်းက ပြောပါတယ်။

"သူ့ကိုခေါ်ယူ စစ်ဆေးမေးမြန်းနေတာတော့ ဟုတ်ပါတယ်။ ပါတီက ထွက်စာ ကျွန်တော်ထံကို တင်သွားတယ်၊၊ ကျွန်တော်က ဌာနချုပ်ကို ဆက်ပို့ပေးလိုက်တယ်။ သူက ကြံ့ခိုင်ရေးပါတီကနေ ထွက်သွားတာ တစ်ပတ်လောက်ရှိပြီ။ သူမလုပ်တော့ဘူးလို့ ပြောပြီး ထွက်သွားတယ်"

ဦးမြင့်လှိုင်ကို တာဝန်ရှိသူတွေက နေပြည်တော်မှာပဲ စစ်ဆေးနေကြောင်း ကြားသိရပြီး၊ သူအရင်က ဘာတွေလုပ်ခဲ့လို့ အခုလို အစစ်ဆေးခံရသလဲဆိုတာ မသိရသေးဘူးလို့ ဦးလှဆွေက ပြောပါတယ်။

ပြည်တွင်းအခြေစိုက် သတင်းတွေမှာတော့ ဝန်ကြီးဟောင်း ဦးမြင့်လှိုင်ကို ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်ပြီး ဖမ်းဆီးစစ်ဆေးနေတာလို့ ရေးသားဖော်ပြပါတယ်။ ဒီအချက်နဲ့ပတ်သက်ပြီး RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဟောင်း ဦးမြင့်လှိုင်ဟာ စစ်တပ်ကနေ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်နဲ့ အနားယူခဲ့ပြီးနောက် ၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။